ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်

ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်
by -
သဲသဲ

အသစ်ပြန်လည်ဖွဲ့စည်းနေသည့်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက် မြန်မာနိုင်ငံသားများ လည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

နယူးဒေလီ(မဇ္စျိမ) ။ ။ အသစ်ပြန်လည်ဖွဲ့စည်းနေသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

“အဲဒီအထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြရမှာ တခုရှိတယ်။ အဲဒါကဘာလဲဆိုတော့  မြန်မာနိုင်ငံသားကနေ ဘယ်နိုင်ငံသားအဖြစ် ခံယူထားသလဲဆိုတာဖော်ပြဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံသားဆိုရင်လည်း နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသလား၊ မကိုင်ဆောင်ထားဘူးလား။ ကိုင်ဆောင်ထားရင်လည်း နံပါတ်ပေါ့။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေက အမျိုးမျိုးရှိတာဆိုတော့။ ကွဲကွဲပြားပြားသိအောင်လျှောက်လွှာထဲမှာဖော်ပြဖို့လိုမယ်”  ဟုု ဦးအုန်းကြိုင်က ပြောဆိုုသည်။

NLD ပါတီဝင် အဟောင်းအသစ်မရွေး မည်သူမဆို ပါတီဝင်အဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က  “ကျနော်ကိုယ်တိုင်လည်း လျှောက်လွှာတင်ပြီး ပါတီဝင် ပြန်လျှောက်ရမှာပါ” ဟု ဆိုသည်။

ပါတီဝင် ဆယ်သိန်းလက်ခံရန် စီစဉ်ထားသည့် NLD က ပါတီတည်ထောင်ခွင့် ကျလာပါက ပါတီဝင် လျှောက်လွှာစတင်ထုတ်ပေးမည်ဖြစ်သည်။  ပါတီဝင် လက်ခံရေးအတွက် အသေးစိပ်အချက်အလက် များကို ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည်ဟုုလည်း သိရသည်။

NLD ပါတီ၏ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ဦးဝင်တင် အပါအဝင် ၂၁ ဦးဖြင့် ပါတီတည်ထောင် ခွင့်အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုုရွေးကောက်ပွဲ ကော်မရှင်သိုု့ စာရင်းသွင်း လျှောက်ထားခဲ့ ကြသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံမည် ဖြစ်ရာ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု NLD ထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းကနေ ၀င်မယ်ဆိုရင် လူထုရဲ့အနေအထား  ဆင်းရဲတဲ့ မြို့နယ်ကနေ ၀င်ချင်တယ်လို့ သူက ပြောဖူးပါတယ်။ အဲဒါတွေကို တွက်ချက်ပြီးတော့ ကော့မှုးကပဲ ဖြစ်မယ် မှန်းဆကြတာပါ။ တရားဝင်တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ၄၈ မြို့နယ်တွင်လည်း ၁၄ ရက်အတွင်း ရွေးကောက်ပွဲအောင်နိုင် ရေး အဖွဲ့များ ဖွဲ့စည်းရန်  NLD က ပြင်ဆင်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းမှတဆင့် တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အောင်နိုင်ရေးအဖွဲ့များအား ကြီးကြပ်သွားရန် NLD ရုံးချုပ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“အဖွဲ့မှာ နှစ်ပတ်အတွင်း အဆိုပြုရမှာပေါ့။ သက်ဆိုင်ရာ ပြည်နယ်တွေကို ပေးရမယ်။ သူတို့ ပေးတဲ့ အပေါ်မှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ စီစစ်ပေးဘို့ ပေါ့။ လိုအပ်ရင် ခရိုင်အဖွဲ့တွေလည်း ဖွဲ့ဖို့ ကြေငြာချက် ထုတ်ထားတာပေါ့ ” ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့တွင် ပါ၀င်သူ ဒေါ်မေဝင်းမြင့်က ပြောသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ တာဝန်ခံမှာ ဦးတင်ဦးဖြစ်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသိန်းထွန်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ဒေါက်တာမေဝင်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူနှင့် ဦးစောတင်ဝင်း၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်းတို့ ပါ၀င်သည်။

အခြားအဆင့် အောင်နုုိင်ရေးအဖွဲ့များ ဖွဲ့ရာ၌ အမျိုးသားဒီမိုကရေစီပါတီဝင်များအပါအဝင် ပြည်သူ လေးစား ယုံကြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖ ပုဂ္ဂိုလ်များ၊ အမျိုးသမီးများနှင့် လူငယ်များ၊ တတ်သိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား အလုပ်သမားများ၊ ကုန်သည် စီးပွားရေးပုဂ္ဂိုလ်များ၊ နိုင်ငံရေးအစဉ်အလာရှိသူများ ပါ၀င်ရန် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲ  အောင်နိုင်ရေးဗဟိုအဖွဲ့အပြင်  ဆပ်ကော်မတီများအဖြစ် သတင်းပြန့်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး၊ စည်းရုံးလှုံဆော်ရေး၊ မဲဆွယ် ဟောပြောရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဥပဒေရေးရာကော်မတီ တို့ကို ဖွဲ့စည်းမည် ဖြစ်သည်။

Most read this week