ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ယနေ့ မြန်မာပြည်သွားမည်

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ယနေ့ မြန်မာပြည်သွားမည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ယနေ့ နေ့လည် ၂ နာရီတွင် ဘင်္ဂလာဒေချ့် နိုင်ငံ ဒက္ကားမြို့တော်မှ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ထွက်ခွာမည် ဖြစ်သည်။

Sheikh-Hasina
ယနေ့ ညနေ ၄ နာရီ ကျော်တွင် သူမ စီးနှင်းလိုက်ပါသည့် ဘီမန် ဘင်္ဂလာဒေချ့် လေကြောင်းလိုင်း လေယာဉ်သည် နေပြည်တော် လေယာဉ်ကွင်းတွင် ဆင်းသက်မည် ဖြစ်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ၀ဏ္ဍဦးမောင်လွှင်က လေဆိပ်တွင် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်သည် နောက်ပိုင်းတွင် မြန်မာ ဂုဏ်ပြု တပ်ဖွဲ့၏ ဂုဏ်ပြုခြင်းကို ခံယူမည် ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း သမ္မတ နေအိမ်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ဘင်္ဂလာဒေချေ့် အရာရှိများက ပြောသည်။

သူမ၏ ခရီးစဉ် အတွင်း ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်သည် စီးပွားရေး ဆိုင်ရာ နားလည်မူ စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာနှင့့် ဆက်သွယ်မည့် ချစ်ကြည်ရေး လမ်းမဖေါက်လုပ်ရေး၊ ဒုက္ခသည်များ ပြန်ပို့ရေး၊ ရေအားလျှပ်စစ် ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရေးနှင့် ၀ယ်ယူရေး၊ မြန်မာနှင့် ပူးပေါင်းပြီး ဘင်္ဂလာ ပင်လယ်အော်တွင် သဘာဝ ဓါတ်ငွေ့ရှာဖွေရေး၊ ရင်းနှီးမြုပ်နှံရေး၊ နယ်စပ် မူးယစ်ဆေးဝါး အပြင် တခြား လေကြောင်းလိုင်း တိုးချဲ့ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် နေပြည်တော်တွင် တည်ဆောက်မည့် ဘင်္ဂလာဒေချ့် သံရုံးအတွက် အုတ်မြစ်ချပေးမည် ဖြစ်ပြီး ကျောက်မျက်ရတနာ ပြခန်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦးများ၊ ဥပသန္တိ စေတီတော်နှင့် ဆင်ဖြူ ရတနာများ ရှိရာသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်၏ ခရီးစဉ်သည် နိုင်ငံ (၂) ခုအကြား ချစ်ကြည်ရင်းနှီးမူနှင့် စီးပွား ကုန်သွယ်ရေးကို တိုးမြှင့် ရန်အတွက် အဓိကထား သွားရောက်လည်ပတ်သော ခရီးစဉ် ဖြစ်ပြီး ဘင်္ဂလာ-မြန်မာ ကုန်သွယ်ရေးကို တိုးမြှင့်ရေးကို မြန်မာ အာဏာပိုင်များနှင့် အဓိက ဆွေးနွေးမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်နှင့် မြန်မာ အကြား နှစ်စဉ် ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၁၆၀ ရှိရာမှ သန်း ၅၅၀ တိုးမြှင့်ရန် နှစ်ငံနှစ်ခု အကြား ယခုနှစ် ဇူလိုင်လက သဘောတူထားသည်။

၂၀၀၈- ၀၉ ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလာဒေချ့်မှ မြန်မာသို့ ပို့ကုန် တန်ဖိုးမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၉ ဒဿမ ၁၇ သန်း ရှိခဲ့ပြီး မြန်မာမှ သွင်းကုန် တန်ဖိုးမှာ ၆၆ ဒဿမ ၆၅ သန်း ရှိခဲ့သည်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်သည် မြန်မာနို်င်ငံ ခရီးစဉ် ပြီးဆုံးပါက အင်ဒိုနီးရှား နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

Most read this week