ကလင်တန်ကို တိုင်းရင်းသားဒေသများ အတွင်း ပဋိပက္ခများ တင်ပြ

ကလင်တန်ကို တိုင်းရင်းသားဒေသများ အတွင်း ပဋိပက္ခများ တင်ပြ
by -
ဖနိဒါ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင် တန်သည် တိုင်းရင်းသားပါတီများ လူမှုရေး အဖွဲ့ အစည်းအချို့တို့နှင့် ရန်ကုန်မြို့ ကမ္ဘာအေးလမ်း ဗိဿနိုး ပန်းချီပြခန်းမ တွင် သောကြာနေ့က တွေ့ဆုံရာ တိုင်းရင်းသားဒေသများ အတွင်း ဖြစ်နေသည့် ပဋိပက္ခများကို တင်ပြခဲ့သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ချင်းမိုင်(မဇ္စျိမ) ။         ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် တိုင်းရင်းသား ပါတီများ လူမှုရေး အဖွဲ့အစည်းအချို့တို့နှင့် ရန်ကုန်မြို့ ကမ္ဘာအေးလမ်း ဗိဿနိုး ပန်းချီပြခန်းမတွင် သောကြာနေ့က တွေ့ဆုံရာ တိုင်းရင်းသားဒေသများ အတွင်း ဖြစ်နေသည့် ပဋိပက္ခများကို တင်ပြခဲ့သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPမှ စပ်ယွန်းပိုင်က ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံမှုအတွင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို လွှတ်ပေးရန် ဆွေးနွေးခဲ့ပြီး ရှမ်းပြည်တွင်း ဖြစ်နေသည့် အစိုးရနှင့် ပဋိပက္ခများကို တင်ပြခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ကတော့ ရှမ်းပြည်ရဲ့ နစ်နာချက်တွေ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေ၊ ဒီကစ္စက လက်နက်နဲ့ ဖြေရှင်းလို့ကတော့ ဘယ်တော့မှ မအောင်မြင်ဘူး၊ စားပွဲဝိုင်းထိုင်ပြီးတော့ ဖြေရှင်းရမဲ့ ကိစ္စတွေပါ။”ဟုပြောသည်။

ယင်းအပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မြန်မာနိုင်ငံတွင် တိုင်းရင်းသားအရေးကို ဦးစားပေးဖြေရှင်းရန် အရေးကြီးဆုံးဖြစ်ကြောင်း ဟီလာရီ ကလင်တန်ကို တင်ပြခဲ့သည်ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး နောက်ကျနေမှုတွေ၊ တိုင်းရင်းသား ဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အကြောင်းတွေရယ်၊ ပြည်တွင်းစစ် ရပ်စဲရေး ကြိုးပမ်းနေတဲ့အကြောင်းတွေ၊ တိုင်းရင်းသား ဒေသတွေမှာ တကယ့် အခက်အခဲ ကြံုတွေ့နေရတဲ့အကြောင်းတွေပါပဲ။”ဟု RNDP ပါတီအတွင်းရေးမှူး ဦးလှစောက ပြောသည်။

ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေများ၊ စစ်ပြေးဒုက္ခသည်များ အခြေအနေများနှင့် ပညာရေး၊ ကျန်းမာရေးဆုံးရှုံးနစ် နာမှုများကို အချက်အလက်များနှင့် တကွ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။ 

မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်ဆိုင်းရော်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဇွန်တို့ကလည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများကို အသေးစိတ်ကို အချက်အလက်များနှင့်တကွ ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

ဟီလာရီကလင်တန်က တိုင်းရင်းသားများ တင်ပြချက်ကို တိုင်းရင်းများ အခြေအနေများကိုနာလည် ကြောင်း၊ အသိအမှတ်ပြုကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော အခြေအနေအမှန်ကို တိတိကျကျ သိရသည့်အတွက် ဝမ်းသာကြောင်းကို ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်ဟု ဦးလှစောက ပြောသည်။

ထို့ပြင် တိုင်းရင်းသားများ၏ ခံစားချက်များကို မှတ်တမ်းတင်ထားပြီး သူတို့ပြန်သွားပြီးနောက် အကောင်းဆုံး
ဖြစ်အောင် မြန်မာအစိုးရအပေါ် အကြံပေးမည်ဖြစ်ပြီး တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်ဟု ဟီလာရီ ကလင်တန် က မှတ်ချက်ချ ပြောဆိုခဲ့သည်ဟု စဝ်ယွန်းပိုင်က ပြောသည်။

သောကြာနေ့ ဆွေးနွေးပွဲအတွင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးလှစော၊ ချင်းတိုးတက်ရေးပါတီ CPPပါတီ ဥက္ကဌ နိုထမ်ကပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPမှ စပ်ယွန်းပိုင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင် ခင်မောင်နှင့် ကရင်ပြည်သူ့ပါတီမှ ဒေါက်တာစိုင်မွန်သာနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဦးစိုင်းစောအောင်တို့တက်ရောက် ခဲ့သည်။

ထို့ပြင် အစိုးရမဟုတ်သော NGO အဖွဲ့မှ မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူနှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ ဘာသာရေးခေါင်းဆောင်တဦး၊ Karen Development network စသည့် လူမှု အဖွဲ့ အစည်းများမှ တာဝန်ရှိသူများလည်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရသည်။