ရွှေလီ ရေကာတာ စီမံကိန်းကြောင့် ဒေသခံများ အခက်အခဲဖြစ်

ရွှေလီ ရေကာတာ စီမံကိန်းကြောင့် ဒေသခံများ အခက်အခဲဖြစ်
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ပေါ် တည် ဆောက်နေသည့် ရေအားလျပ်စစ် စီမံကိန်း များကြောင့် ဒေသခံများ  အခက်အခဲနှင့် ကြံု တွေ့နေရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO) အဖွဲ့က ပြောသည်။

tsyo_report_shwe_li_under_siegeယနေ့ထုတ်ပြန်သည့် “ထိန်းချုပ်မှု အောက်က မြစ်ရွှေလီ” အမည်ရှိ အစီရင်ခံစာ၌ ရွှေလီမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်း(၂) ခုကြောင့် ကျေးရွာ(၅) ရွာမှ ဒေသခံ လူထု (၃၀၀၀) ကျော် အဓမ္မ နေရာရွှေ့ ပြောင်းခံရနိုင်ပြီး လူ (၁၅၀၀၀) အပေါ် ဆိုးကျိုးများ ကျရောက်နိုင်သည်ဟု ဖော်ပြသည်။

မန်တုန်နှင့် နမ့်ခမ်းကြားတွင် တည်ဆောက်နေသည့် အမှတ်(၂) ရေကာတာ စီမံကိန်းနှင့် မိုးမိတ်မြို့နယ် အတွင်း တည်ဆောက်ရန် ပြင်ဆင်နေသည့် အမှတ်(၃) ရေကာတာ စီမံကိန်းများ ကြောင့် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရသည်ဟု (TSYO) အဖွဲ့ အတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။

“ထိခိုက်နစ်နာမှုက အခုလက်ရှိ အမှတ်(၂)နဲ့ အမှတ်(၃) စီမံကိန်းဆည် တည်ဆောက်ဖို့ အတွက်ရယ်၊ ပြီးလို့ရှိရင် စစ်တပ်စခန်း တည်ဆောက်ဖို့ရယ်၊ လမ်းသစ်တွေ ဖောက်လုပ်မှုကြောင့် ပေ့ါလေ။ အဲဒီမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်း ထားတယ်။”

လောလောဆယ် မိုးမိတ်မြို့နယ်အတွင်း တည်ဆောက်ရန် ပြင်ဆင်နေသည့် အမှတ်(၃) ရေကာတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာ (၅) ရွာအား အဓမ္မ ပြောင်းရွှေ့ခိုင်း နေသည်ဟု ဆက်လက် ပြောဆိုသည်။

“အခုလက်ရှိ တွေ့ရှိရတာက ၂၀၁၀ တုန်းက မိုးမိတ် မယက ဥက္ကဌ ကနေပြီးတော့မှ အဲဒီမှာရှိတဲ့ ဒေသခံ တွေကို ၂၀၁၃ မှာ အပြီး ရွှေ့ပြောင်းပေးဖို့ အမိန့်ထုတ်ထားတာကို ကျနော်တို့ တွေ့ရှိရ တယ်ခင်ဗျ။”

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က နမ့်ခမ်းမြို့နယ်အတွင်း မန်တပ်ကျေးရွာ အနီးရှိ အမှတ်(၁) ရေအား လျပ်စစ် စီမံကိန်း တည်ဆောက် ပြီးစီးခဲ့သော်လည်း ဒေသခံ လူထုအတွက် တစုံတရာ အကျိုး ခံစားခွင့် မရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသာ ကြံုတွေ့ရသည့်အတွက် ထပ်မံ ပြုလုပ်မည့် စီမံကိန်းများအပေါ် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

တည်ဆောက်နေသည့် ရေကာတာများပြီးဆုံးသွားပါက ရွှေလီမြစ်ဘေးတလျောက် ရေကာတာအောက်ပိုင်း ရှိ ကျေးရွာများ ရေနစ်မြုတ်မှုများ ပေါ်ပေါက်လာနိုင်ပြီး လောလောဆယ် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ လည်း ကြံုတွေ့နေရကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ယင်းအတွက် တည်ဆောက်နေဆဲ စီမံကိန်းများ ရပ်တန့်ပေးရန် သက်ဆိုင်ရာ နိုင်ငံများနှင့် တာဝန်ရှိ သူများထံ စာရေး တောင်းဆိုသွားမည်ဟု မိုင်းအောင်ကိုက ပြောသည်။

“ကျနော်တို့ စီစဉ်ထားတာတော့ သက်ဆိုင်ရာ အစိုးရဆီကို စာရေးပြီးတော့ ပို့မယ်။ တပြိုင်နက်ထဲ မှာလည်း အခုလက်ရှိ လုပ်နေတဲ့ အမှတ်(၃) ထဲမှာဆိုရင် ဆွစ်ဇာလန် နိုင်ငံက (Colenco) က ကုမ္ပဏီရယ်၊သူတို့သံရုံး တွေကို ကျနော်တို့ ပို့သွားဖို့တော့ အစီအစဉ် ရှိတယ်ခင်ဗျ။”

ထို့အပြင် ယင်းကိစ္စများအား ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တအာင်း ပလောင် အမျိုးသားပါတီ (TNP) မှ တဆင့် လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးပေးရန် တောင်းဆိုထားသည်ဟု လည်း ဆိုသည်။

အမှတ်(၂) ရေအားလျပ်စစ် စီမံကိန်းအား မြန်မာနိုင်ငံမှ အမှတ်(၁) စွမ်းအင်ဝန်ကြီးဌာနနှင့်  တရုတ်နိုင်ငံ ဟွာနင်းလန်ကန်းမြစ် ရေအားလျပ်စစ် ကုမ္ပဏီ လီမိတက် (Huaneng Lancang River Hydropower Co; Ltd) တို့ ၂၀၁၀ ခုနှစ် နို၀င်ဘာလက သဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီး အမှတ်(၃) ရေအားလျပ်စစ် စက်ရုံ စီမံကိန်း ကိုမူ ဆွစ်ဇာလန်နိုင်ငံ (Colenco Power Engineering Company) နှင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ လက သဘောတူ လက်မှတ်ထိုးခဲ့သည်။