မိုင်ဂျာယန်ရှိ ကချင်ဒုက္ခသည် ဖျားနာသူ များပြားလာ

မိုင်ဂျာယန်ရှိ ကချင်ဒုက္ခသည် ဖျားနာသူ များပြားလာ
by -
စောခါးစူးညား

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်ဂျာ ယန်ဒေသရှိ ကချင်စစ်ပြေး ဒုက္ခသည်များသည် တုပ်ကွေး၊ ၀မ်းလျှောနှင့် ယားနာ  ဖြစ်ပွားသူ များပြားလာ လျှက်ရှိသည်ဟု ဒုက္ခသည်များ ကို ဆေးကုသပေးနေသည့် စေတနာ့ဝန်ထမ်း ဆေးဆရာမတဦးက ပြောသည်။

DSC00413

“ဒီတပတ်အတွင်း ဆေးခန်း(ဒုက္ခသည်အတွက် ဖွင့်ထားတဲ့စခန်း)လာပြတဲ့သူ တော်တော်များတယ်။ တစ်ရက် ၅၀ကျော် အထိ လာကြတယ်။ အရင်ကဆို ၂၀ကျော်လောက်ပဲ ရှိမယ်။ အခုလို ဆောင်းဦးရာသီမှာ အေးလို့ သူတို့တွေ တုပ်ကွေးဖြစ် ကြတာ။ ယားနာနဲ့ ၀မ်းလျှောတာက လူများပြီး သောက်သုံးရေမသန့်ရှင်း လို့ ဖြစ်တဲ့ ပြဿနာဖြစ်တယ်။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ဆေးခန်းလာရောက်ပြသသူများမှာ အများအားဖြင့် အသက် ၅နှစ်အောက် ကလေးများနှင့် အိမ်ထောင်သည် အမျိုးသမီး များ ဖြစ်ကြပြီး ယခုလို ဆောင်းဦးရာသီအတွင်း ရောဂါခံစားနေရသူများအတွက် ပို၍ အခက် အခဲဖြစ်ရသည်ဟု ထိုဒေသရှိ စေတနာ့ဝန်ထမ်း ဆေးမှူးများက ပြောဆိုနေကြသည်။

လက်ရှိ မိုင်ဂျာယန်ဒေသတွင် စစ်ပြေးဒုက္ခသည် ၁၁,၀၀၀ကျော် (တစ်သောင်းတစ်ထောင်ကျော်)ရှိပြီး ကချင်လွတ်မြောက် ရေးအဖွဲ့-KIO နှင့် ကချင်လူမှုအဖွဲ့အစည်းအချို့က ၎င်းတို့ကို စားနပ်ရိက္ခာ၊အဝတ် အထည်နှင့် ဆေးဝါးများ ကူညီပံ့ပိုးပေး မှု ရှိသော်လည်း လုံလောက်မှု မရှိကြောင်း ဒုက္ခသည်များက ပြောသည်။

မိုင်ဂျာယန် ဒုက္ခသည်တစ်ဦးက “ကျမတို့ကို ကူညီပေးမှုတွေ လုံလောက်မှု မရှိပေမယ့် တိုက်ပွဲ ဆက်ဖြစ် နေတဲ့အခါကျ တော့ အခြေအနေအရ ဒီမှာပဲ ခိုလှုံရမှာပေါ့။”ဟု ပြောဆိုသည်။

KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်ဒေသတွင် လာရောက်ခိုလှုံသည့် ဒုက္ခသည်များသည်မိုးမောက် မြို့နယ်အတွင်း ရှိ ရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရတပ်နှင့် KIA တပ်များအကြား ဇွန်လ ၆ရက်မှစ၍ ယခုအချိန်ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ KIO ထိန်းချုပ်နယ်မြေများသို့ ဒုက္ခသည် ၃သောင်းခန့်သွားရောက်ခို လှုံနေကြရသည်ဟု KIO က ပြောထားသည်။

Most read this week