မလေးရှားက မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့တွင် နောက်ထပ် မြှုပ်နှံလို

မလေးရှားက မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့တွင် နောက်ထပ် မြှုပ်နှံလို
by -
ကျော်ခ

မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက်ပြင်ဆင်နေ လျက်ရှိသည်။

ချင်းမိုင် (မဇ္ဈိမ) ။         ။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပြင်ဆင်နေလျက်ရှိသည်။

မလေးရှားနိုင်ငံမှ ကုမ္ပဏီ ၁၉ ခုက မြန်မာလုပ်ငန်းရှင်များနှင့် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို အင်္ဂါနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ စက်မှုကုန်သည်များ အသင်းချုပ် UMFCCI ရုံးတွင် ဆွေးနွေးမှုများ ပြုလုပ် မည် ဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကုန်တွင်းပိုင်းလုပ်ကွက် ၁၈ ကွက်အတွက်  ပြည်ပကုမ္ပဏီများကို ဇူလိုင်လ ဒုတိယပတ်မှ စတင်ခေါ်ယူခဲ့ပြီး မလေးရှားမှ ကုမ္ပဏီ ၁၉ ခုအပါအဝင် သက်ဆိုင်ရာ နိုင်ငံသံရုံးများမှ တဆင့်လျှောက်တင်လာသည့် ကုမ္ပဏီပေါင်း ၅၂ ခု ရှိခဲ့သည်။

ကုန်းတွင်းလုပ်ကွက်များအပြင် ကမ်းလွန်လုပ်ကွက်အချို့ ပါဝင်မည်ဖြစ်သည်ဟု သိရပြီး အရေအတွက် အတိကျပြောဆိုခြင်း မရှိသော်လည်း လျှောက်ထားသည့် ကုမ္ပဏီ ၅၂ ခုအနက်မှ ထက်ဝက်ကျော် လျှော့ချခဲ့သည်ဟု စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

“မနက်ဖြန်တော့ ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေကနေ ရင်းနှီးမြှုပ်နှံရမယ့် ပုံစံတွေ၊ သူတို့သိချင်တဲ့ ဥပဒေတွေ၊ သူတို့ သိချင်တာတွေကို အရင်ရှင်းပြမှာပါ။ ချက်ချင်းကြီး လက်မှတ်ထိုးမယ့် အဆင့်မဟုတ် သေးပါဘူး။ ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ သူတို့ဘက်က ဆုံးဖြတ်ပြီးရင် ပြည်တွင်းလုပ်ငန်းရှင် တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ပါ။” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးစိန်ဝင်းလှိုင်က မဇ္စျိမကိုပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လုပ်ဆောင်လာသည့် မလေးရှားနိုင်ငံသည် နိုဝင်ဘာ နှစ်ရက်နေ့ ကလည်း UMFCCI ၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိလာသည့် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) ၏ ခရီးစဉ်အတွင်းတွင် စားအုန်းဆီ ကုန်သွယ်မှုနှင့် ခရီးသွားလာရေးလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု စာချွန်လွှာလေးခု လက်မှတ်ရေးထိုးခဲ့ကြောင်း အခြား UMFCCI ထိပ်တန်းတာဝန်ရှိသူ တဦးကပြောသည်။

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘောဝဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်ပေါင်း ၄၇ ကွက်ရှိရာ တရုတ် ကုမ္ပဏီများက ၂၃ ကွက် ဖြင့် အများဆုံး လုပ်ကိုင်နေပြီး မလေးရှားက ဒုတိယလိုက်ကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ စမ်းသပ်ရှာဖွေခွင့် ရရှိမည့် ကုမ္ပဏီများသည် စွမ်းအင်ရင်းမြစ်များ ရှာဖွေတွေ့ ရှိပါက တူးဖေါ်အဆင့်မှ ထုတ်လုပ်အဆင့်ထိ မြန်မာနိုင်ငံ စွမ်းအင်ဌာနနှင့် ထပ်မံညှိနှိုင်းကာ သဘောတူချက် ရယူရမည်ဖြစ်သည်။

“ဒီကုမ္ပဏီတွေအနေနဲ့ သဘောတူပြီးလို့ ရေနံနဲ့ ဓါတ်ငွေ့တွေ ရှာဖွေတွေ့ရှိပြီဆိုရင် ထွက်ရှိမှု အတိုင်း အတာအရ အိမ်ရှင်နိုင်ငံ အစိုးရကို ဘယ်လောက်ပေးရမယ်။ အပိုဆုက ဘယ်လောက်ဆိုတာတွေက အသေးစိပ် ညှိနှိုင်းရမှာပါ။” ဟု UMFCCI ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာ့စွမ်းအင် ကဏ္ဍတွင် အိမ်နီးချင်း ထိုင်းနှင့် တရုတ် နိုင်ငံတို့သည် အများဆုံး ရင်းနှီးမြှုပ်နှံထားကြ သည့်နိုင်ငံများဖြစ်ပြီး ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့မှ ကုမ္ပဏီများကလည်း မြန်မာအစိုးရနှင့် စွမ်းအင်ကဏ္ဍ သဘောတူ စာချုပ်များ ချုပ်ဆိုထားကြသည်။

ယခုလက်ရှိမြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တိုးချဲ့တူးဖော် ထုတ်လုပ်နိုင်ရေးအတွက်ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား စသည့် နိုင်ငံများမှ ကုမ္ပဏီများနှင့်အကျိုးတူ ပူးပေါင်းပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ များကို ဆက်လက် ရှာဖွေတူးဖော်မှု ပြုလုပ်နေကြောင်းစွမ်းအင်ဝန် ကြီးဌာနမှ သိရသည်။

ရေနံလုပ်ငန်းများတွင် မြန်မာနိုင်ငံသားပိုင်အဖြစ် ဦးမိုက်ကယ်မိုးမြင့်၏ Myanmar Petroleum Resources L.td တခုတည်းသာ ရှိပြီး၊ ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင် တို့မှာ ပြည်ပမှ ကုမ္ပဏီများ ခေါ်ယူလာရာတွင် ရှယ်ယာစုဝင်တဦး အဖြစ်ပါဝင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

မြန်မာနိုင်ငံရှိ ကုန်းတွင်းပိုင်း ရေနံမြေနှင့် သဘာဝ ဓာတ်ငွေ့မြေများမှ ရေနံစိမ်းစည် နေ့စဉ် ၉,၃၀၀ ကျော်နှင့် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ကျော် ထုတ်လုပ်ပေးနေပြီး ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေများ ဖြစ်သည့် ရတနာနှင့် ရဲတံခွန် စီမံကိန်းတို့မှလည်း နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁,၀၀၀ကျော်ခန့် ကို ထုတ်လုပ်ရောင်းချနေသည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

အတည်ပြုထားသည့် သဘာဝဓါတ်ငွေ့ ပမာဏ အနေဖြင့် ကုန်းတွင်းပိုင်းတွင် ၀.၄၆ ထရီလီယံ ကုဗပေရှိပြီး ကမ်းလွန်တွင် ၁၇ ထရီလီယံ ကုဗပေရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

Most read this week