အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ် ပြန်လည် ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင် ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူ များက ပြောသည်။
ချင်းမိုင် (မဇ္ဈိိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။
ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။
"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟုမဇ္ဈိမ ကိုပြောသည်။
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများ တွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။
ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။
ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။
သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။
တေးရေးဆရာတဦးဖြစ်သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်းမဇ္ဈိမကို ပြောသည်။
"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ကျနော်ကတော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။