ငြိမ်းချမ်းရေးကိစ္စ မြောက်ပိုင်း SSA က လူထု သဘောထား ကောက်ခံ

ငြိမ်းချမ်းရေးကိစ္စ မြောက်ပိုင်း SSA က လူထု သဘောထား ကောက်ခံ
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုး တက်ရေးပါတီSSA/ SSPP က အစိုးရနှင့် အပစ် အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်၍ လူထု သဘောထားကောက် ခံခဲ့သည်။

20110422nပြည်တွင်းပြည်ပရှိ ရဟန်းသံဃာတော်များအပါအဝင် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ထူလု လူတန်းစား အသီးသီး၏ ဆန္ဒကို သိရှိနိုင်ရန် နို၀င်ဘာလ (၂၂) ရက်နေ့စွဲဖြင့် ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။ကြေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ကျနော်တို့ လူထုထဲက ပေါက်ဖွား လာတဲ့ တပ်မတော်တခုဆိုတော့ ငြိမ်းချမ်းရေး ယူသင့်သလား၊ ဘယ်လို ရပ်တည်သင့်သလဲဆိုတာ လူထုရဲ့ သဘောထားကို မေးမြန်း ကောက်ခံတာပါ။” ဟု SSA/ SSPP ပါတီမှ အမည်မဖော်လိုသည့် အရာရှိ တဦးက ပြောသည်။

ပြည်သူလူထုအတွင်းမှ တုန့်ပြန်လာသည့် သဘောထားပေါ် မူတည်၍ SSPP ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပြီး သုံးသပ် ဆုံးဖြတ်သွားရန်ရှိသည်ဟု ဆက်ပြောသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်နှင့် အောက်တိုဘာလ (၂၉) ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံ ခဲ့ရာ SSA ဖက်မှ အချက်နှစ်ချက်ကို တောင်းဆိုခဲ့သည်ဟုလည်း ဆိုသည်။ 

“တောင်းဆိုထားတာတော့ အချက် နှစ်ချက်ဘဲ ခင်ဗျ။ သူတို့ တပ်တွေ ပြန်လည် ရုပ်သိမ်းပေးဖို့ ပေ့ါနော်။ နောက်တချက်က အဲလို ရုပ်သိမ်းပြီးမှ ကျနော်တို့ ဗဟို ကော်မတီတွေ ပြန်စုစည်းပြီး ဒီငြိမ်းချမ်းရေးအတွက် အစည်းအဝေးလုပ်နိုင်မှာပေ့ါ။ အဲလို အစည်းအဝေး လုပ်နိုင်ဖို့ အချိန်ပေးဖို့ လည်းတောင်းဆိုထားပါ တယ်။”

အလားတူ ယင်းဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ထားရှိရေး၊ တဖက်နှင့် တဖက် နယ်မြေဖြတ်သန်း သွားလာရာတွင် ခွင့်ပြုချက်ရယူရေး၊ ဒေသဖွံ့ဖြိုး၊ တိုးတက်ရေး စသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေးချက်ကို အစိုးရဖက်က ချပြခဲ့သည်။

လောလောဆယ်တွင် SSPP ဘက်က တောင်းဆို ထားသည့်အပေါ် အစိုးရဘက်မှ တစုံတရာ လိုက်လျောမှု မရှိသေးသလို ၀မ့်ဟိုင်းဌာနချုပ် အနီးမှ အစိုးရတပ်များ ရုပ်သိမ်းသွားသည်ဟု သတင်းများထွက်ပေါ်နေ သည့်အပေါ် “တပ်တွေ ရုပ်သွားတယ်ဆိုတာက ရပခ တပ်တွေက KIA ဖက်မှာ အသုံးပြုဖို့ ရုပ်တဲ့ သဘောပဲ ကျနော်တို့က သုံးသပ်ထားတယ်ခင်ဗျ။ ကျနော်တို့ ဗဟိုဌာနချုပ် နားမှာတော့ သူတို့ စခန်းတွေကရှိနေ တုန်းပါပဲဗျ။” ဟု အဆိုပါ အရာရှိက သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် ၁၉၈၉ ခုနှစ်စစ်အစိုး ရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ်က နယ်ခြားစောင့်နှင့် ဌာနေ ပြည်သူ့စစ်အသွင်ပြောင်း ရေး လက်မခံ ငြင်းဆန်ခဲ့သည့်နောက် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။

Most read this week