ကလင်တန်နှင့်တွေ့လျှင် ပိတ်ဆို့မှုနှင့် နိုင်ငံရေး အကျဉ်းသားကိစ္စ တင်ပြမည်

ကလင်တန်နှင့်တွေ့လျှင် ပိတ်ဆို့မှုနှင့် နိုင်ငံရေး အကျဉ်းသားကိစ္စ တင်ပြမည်
by -
ထွန်းထွန်း

မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စများ ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။

နယူးဒေလီ (မဇ္စျိမ) ။      ။ မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စများ ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။

မစ္စကလင်တန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့် အပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းရင်းသားနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃၀ ဦး နှင့် နေပြည်တော်၌ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်ဟု အမတ်များက ပြောသည်။

“အခြေအနေပေါ် မူတည်မှာပါ။ ကျနော်တို့မှာလည်း မေးမယ့်မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ဆန်ရှင်နဲ့ ပတ်သက်လို့တော့ မေးခွင့်ကြံုရင် မေးကြမှာပဲ။ ဆန်ရှင်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ ပြောပါတယ်” ဟု အစိုးရအဖွဲ့၏ ကတိကဝတ် စိစစ်ရေး ကော်မတီမှ ဒေါက်တာအေးမောင်က မဇ္စျိမကို ပြောသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ နှစ်ငါးဆယ်ကျော်အတွင်း ပထမဆုံး ဖြစ်လာမည့် နှစ်ရက်တာ လည်ပတ်မည့် ခရီးစဉ်အတွင်း အမျိုးသားလွှတ်တော်နှင့် တွေ့ဆုံမည်ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်သို့မူ တရားဝင် အကြောင်း ကြားထားခြင်း မရှိသေးပေ။

“သူလာတဲ့အခါမှာ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စ။ ဒီဥစ္စာ ဘာကြောင့်ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံကတော့ လိုက်လျောပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့က ကျန်သေးတဲ့ အကျဉ်းသားတွေကိစ္စကို လွှတ်ပေးဖို့ကို မြန်မာ အစိုးရကို တိုက်တွန်းမယ်လို့ ယုံကြည်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ဆိုသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား တဖက်တွင် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဆက်ထားရှိသော်လည်း တဖက်တွင် တွေ့ဆုံညှိနှိုင်းရေး မူဝါဒဖြင့် ဆက်ဆံနေခဲ့သည်။

အမေရိကန်မှ လက်ခံလာရန်မှာမူ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးကိစ္စမှာ အရေးကြီးနေပြီး လျင်မြန်စွာဆောင်ရွက်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ သို့သော် အစိုးရကမူ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ရှိတော့ကြောင်းနှင့် တည်ငြိမ်ရေးအတွက် စောင့်ကြည့်နေ သေးကြောင်း သဘောထား ထုတ်ပြန် ခဲ့သည်။

“အခု ၈၈ ကျောင်းသားတွေ အနေနဲ့ အခုထပ်ထိကို မလွတ်လာသေးဘူး။ ၈၈ ကျောင်းသားအနေနဲ့ ပါဝင်သူ ဆိုရင် ကျနော်တယောက်ပဲ လွှတ်တော်ထဲမှာ ရှိတယ်။ ကျန်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျောင်းသားအများစု လွတ်လာဖို့ အတွက်။ ဒါဟာ ထင်သာမြင်သာတဲ့ နိုင်ငံရေးအဖြစ်ဖြေလျော့ပေး ဖို့ဆိုတာ ဒီဘက်အစိုးရမှာလည်း တာဝန်ရှိတယ်” ဟု ဦးခင်မောင်ရီက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ကဲ့သို့သော အဖွဲ့အစည်း များမှ ကူညီမှုပေးနိုင်ရန်အတွက် ဦးဆောင်စေလိုကြောင်းနှင့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအား တရားမျှတ စွာ ကျင်းပနိုင်ရေးကိုလည်း မြန်မာအစိုးရကို တိုက်တွန်းစေလိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုမှုများရှိသည်။

Most read this week