၂၁ ယောက် ဦးစီးမည့် NLD ပါတီ တည်ထောင်ခွင့် လျှောက်ထားမည်

၂၁ ယောက် ဦးစီးမည့် NLD ပါတီ တည်ထောင်ခွင့် လျှောက်ထားမည်
by -
ဖနိဒါ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁ ဦးတို့ဦး စီးမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခွင့်ပြုရေး လျှောက်ထားရန် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့ ကြာသပတေးနေ့တွင် နေပြည်တော် ကိုသွားကြ မည်ဖြစ်သည်။

ချင်းမိုင်(မဇ္စျိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁ ဦးတို့ဦးစီးမည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခွင့်ပြုရေး လျှောက်ထားရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့ ကြာသပတေးနေ့တွင် နေပြည်တော်ကို သွားကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ အပါအဝင် ပြည်နယ်နှင့်တိုင်း လူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများ ပါဝင်သော ဦးဆောင်သူ ၂၁ ဦး အမည်စာရင်းများဖြင့်ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီထူထောင်ခွင့် လျှောက်ထားရန်သွားရောက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် အဓိက ပညာအရည်အချင်း၊ အတွေ့အကြံုရှိသူများ၊ အမျိုးသမီး၊ လူငယ်များနှင့် တိုင်းရင်းသားများစသည့် အမျိုးအစား လေးမျိုးကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
nlsheadquater
“ဥပဒေအရလိုအပ်ချက်ပါ။ အနည်းဆုံး ၁၅ ဦး လျှောက်ရမယ်။ ကျနော်တို့ ၂၁ ဦးနဲ့ လျှောက်ပါ့မယ်။ ပြည်နယ်နှင့် တိုင်းတွေပါမယ်။ မူလအန်အယ်ဒီ ထူထောင်သူတွေ ပါရမယ်။ လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေ ပါတယ်။” ဟု လျှောက်ထားချက် သွားတင်မည့်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မည် ရည်ရွယ်ထားသော်လည်း မည်သည့် မဲဆန္ဒနယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ကို ပြောဆိုခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နှစ် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်းကျင်းပနိုင် မည်ဟု ဦးဉာဏ်ဝင်းက ခန့်မှန်းပြောဆိုသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် မကြေငြာသေးခြင်းမှာ NLD ပါတီမှတ်ပုံတင်ရေးကို စောင့်နေခြင်းဖြစ်နိုင်သည်ဟု သမ္မတအကြံပေး ဦးနေဇင်လတ်က ယူဆသည်။ ကော်မရှင်က လက်ခံလိုက်ပြီးနောက် ရက်ပေါင်း ၆ဝ ရွေးကောက်ပွဲ ပြင်ဆင်ချိန် ပေးရမည်ဖြစ်သည်ဟု လည်း ဒေါက်တာနေဇင်လတ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် သောကြာနေ့မှာ မှတ်ပုံတင်မည်
ဖြစ်ပြီး ရက်မသတ်မှတ်ရသေးသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ယခုလ ၁၈ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

NLD ပါတီကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီထူထောင်ခွင့် ပြုလိုက်ပြီးနောက် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍  ပဋိပက္ခရှိလာနိုင်သော မဟာမိတ်နိုင်ငံရေးပါတီများနှင့်ညှိနှိုင်း သွားမည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ဝင် ၄ဝ ကျော်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံ၍ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးနောက် ပါတီအတွင်း ဆက်လုပ်မည် လုပ်ငန်းစဉ်များကို နှစ်နာရီကြာ ဆွေးနွေးခဲ့ကြသည် ဟု ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်သည့် မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော်အတွက်မဲဆန္ဒ နယ် ၄ဝ၊ အမျိုးသားလွှတ်တော် ခြောက် နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်နှစ်နေရာရှိ သည်။