နှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင် ရန် ဆုံးဖြတ်လိုက်သည့် အတွက် ဆွေးနွေးညှိနှိုင်း ရန် ဆန္ဒရှိ ကြောင်း ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီ က ပြောဆိုသည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ နှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည့် အတွက် ဆွေးနွေး ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီက ပြောဆိုသည်။
ယခင်က လစ်လပ်နေရာများတွင် တပါတီဝင်ပြိုင်မည်ဆိုပါက ကျန်သည့် ပါတီများက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ဝိုင်းဝန်းပံ့ပိုးပေးရန် ဒီမိုကရေစီ ၁၀ ပါတီတွင်း သဘောတူထားသည်ပြီးဖြစ်ကာ ယခုကဲ့သို့ NLD မှ ပါဝင်ယှဉ်ပြိုင် လာမည့်အတွက် ဆွေးနွေးညှိနှိုင်းလိုခြင်း ဖြစ်သည်။
“NLD ပါတီက အသစ်ဝင်မယ်ဆိုတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် သူ့ကို ဦးစားပေးနိုင်ပါတယ်။ တကယ်လို့ NLD ပါတီအနေနဲ့ ဒီမိတ်ဆွေပါတီတွေနဲ့ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ မိတ်ဆွေ ပါတီတွေအနေ နဲ့ စဉ်းစားလို့ ရတယ်” ဟုု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP မှ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္စျိမကို ပြောသည်။
NLD က လစ်လပ်နေရာအားလုံးတွင် ဝင်ပြိုင်မည် ဆိုပါက ဒီမိုကရေစီ ၁၀ ပါတီမှ မဲဆန္ဒနယ်များအတွက် ဆွေးနွေးညှိနှိုင်းလို
ယခုကဲ့သို့ ဆွေးနွေးလိုခြင်းမှာ NLD ပါတီတွင်သာမက မှတ်ပုံတင်ထားသည့် ပါတီသစ်များကိုလည်း ဆွေးနွေးလိုခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း “NLD ဘက်က ညှိနှိုင်းချင်တယ် ဆိုရင် ကျနော်တို့ဘက်က တံခါးဖွင့်ထားတာပဲလေ။ ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်၊ တိုင်ပင်တယ် ဆိုတာကတော့ကောင်းတဲ့ ကိစ္စချည်းပဲ။ ဒီမိုကရေစီအင်အားစုအချင်းချင်း ဆိုတာကတော့ ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ကျနော် တို့လည်း တချိန်တုန်းက NLD ဟောင်းတွေပဲ” ဟု ဆိုသည်။
NLD မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ စည်းဝေးပွဲဆုံးဖြတ်ချက်အရ မှတ်ပုံ တင်ရန်နှင့်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်မည့်အပေါ် ကြိုဆိုကြောင်းလည်း ဒီမိုကရေစီ ၁၀ ပါတီက နိုဝင်ဘာလ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသား ဒေသအခြေစိုက် ပါတီများမှာ ပြည်နယ် လွှတ်တော်များတွင် နေရာ အများအပြား စီ ရရှိ ထားသော်လည်း ပြည်မတွင်မူ ဒီမိုကရက်များမှ အားနည်းနေကြောင်း၊ NLD အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒီမိုကရက်များဘက်မှ အင်အား ကောင်းလာနိုင်ဖွယ်ရှိသည်ဟု SNDP က ရှုမြင် ထားသည်။
“လွှတ်တော်မှာ ပြည်မပါတီကြီးအနေနဲ့ အင်အားတိုးလာမယ်ဆိုရင် ပြောရေးဆိုခွင့်ပါ အများကြီး ပိုပြီး အင်အားပြည့် လာမယ်ပေါ့။ ကျနော်တို့ တောင်းဆိုချင်တဲ့အရာ တော်တော်များများကို ကျနော်တို့ ညှိညှိ နှိုင်းနှိုင်းလုပ်တဲ့အခါမှာ NLD ပါလာရင် ကျနော်တို့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လိုအပ်လို့ လိုတိုးပို လျော့၊ နောက် အသစ် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းတဲ့အခါမှာ ပိုပြီးတော့ အင်အားပြည့်လာလိမ့်မယ်” ဟု SNDP ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်ကပြောသည်။
သို့သော် ဒီမိုကရေစီ ၁ဝ ပါတီအနေဖြင့် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒရှိသော်လည်း မဖြစ်မြောက်ခဲ့ပါက ယခင် စီစဉ် ထားသည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်နေရာများအတိုင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
“ပြည်သူသာ အဓိကဆိုတဲ့အတွက် ဒီမိုကရေစီလမ်းကို သွားဖို့အတွက် ဘာမှ အနှောင်အဖွဲ့ မရှိပါဘူး။ ဘယ်သူပဲ ဦးဆောင်ဦးဆောင် ဒီမိုကရေစီခေတ်ကို ရောက်မယ်ဆိုရင် နောက်က လိုက်ဆိုလည်း လိုက်ကြမှာ ပါပဲ။ ရင်ဘောင်တန်း ချီကြမယ်ဆိုရင်လည်း လက်ချင်းချိတ်ပြီး သွားရုံပါပဲ” ဟု NDF ပါတီမှ ဦးခင်မောင် ဆွေက ဆိုသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများတွင် NDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ဒီမိုကရေစီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုတက်ရေး၊ ဝံသာနု NLD ၊ ချင်းအမျိုးသား၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်နှင့် အမျိုးသား မဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့ ပါဝင်သည်။
ယခုကဲ့သို့ ဒီမိုကရေစီ ၁ဝ ပါတီဘက်မှ ပြောဆိုမှုနှင့်ပတ်သက်၍ မှတ်ပုံပင် မတင်ရသေးသည့်အတွက် တစုံတရာ မှတ်ချက်ပေးမည် မဟုတ်ကြောင်း NLD ဘက်မှ တုံ့ပြန်သည်။
“ရွေးကောက်ပွဲလို့ ဆုံးဖြတ်ထားတာပဲ ရှိသေးတယ်။ မှတ်ပုံလည်း မတင်ရသေးဘူးဆိုတော့ကာ အခုနေ တော့ ကျနော်တို့က ဘာမှ ပြောနိုင်ဦးမှာ မဟုတ်ဘူး။ သို့သော် အဲဒါဟာ ရွေးကောက်ပွဲ Pre Election Strategy လား ဆိုတာ ကျနော် မပြောတတ်သေးဘူး” ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအားလုံး ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကာ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ သို့သော် မည်သူများ ပါဝင် ရွေးချယ်ခံမည်ကိုမူ လစ်လပ်နေရာများနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်မှ တရားဝင် မကြေညာသေးသည့် အတွက် တရားဝင် မရွေးချယ်ရသေးပေ။
ပါတီအနေဖြင့် ရွေးချယ်ခံရ၍ လွှတ်တော်တွင်းရောက်မည်ဆိုပါက ဒီမိုကရေစီပါတီများနှင့် လက်တွဲ လုပ်ကိုင်နိုင်ဖွယ် ရှိသည်ဟု NLD က မှတ်ချက်ပေးသည်။
“ဒီမိုကရေစီပါတီတွေနဲ့ လက်တွဲလုပ်ဆောင်တာပေါ့ဗျာ။ တူတဲ့ဟာတွေ တွဲပြီးလုပ်မယ်၊ မတူတာတွေ ခွဲလုပ်မယ်။ ကျနော်တို့ နဂိုကတည်းက အဲဒီတွေ ရှိပါတယ်။ ဒေါ်စု ထွက်လာကတည်းက ချထားတာပဲ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ပါတီမှတ်ပုံခွင့်ပေးရန်အတွက် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်သို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ ကြာသပတေးနေ့တွင် သွားရောက် တင်ပြမည်ဖြစ်ကာ၊ ယင်းမှ ခွင့်ပြုချက်ရပါက ပါတီမှတ်ပုံတင်ရန် လျှောက်ထား မည် ဖြစ်သည်။