အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ယခုလ ၁၈ရက်နေ့က ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ၀င်ရောက်ရန် ဆုံးဖြတ် ချက်အပေါ် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council-ENC)က ကြိုဆိုကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးက “ကျနော်တို့ ကြိုဆိုတယ် ဆိုတာက အခုချိန်မှာ မြန်မာပြည်က အပြောင်းအလဲ တွေ နောက်ပြန်မဆုတ်ဖို့ရယ်။ အပြောင်းအလဲကနေ နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာဖို့ ယုံကြည်လို့ပါ။”ဟု ကေအိုင်စီကို ပြောသည်။
၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း-အာစီယံ၏ ဥက္ကဌ ဖြစ်လာမည့်မြန်မာနိုင်ငံ ကိုလည်း ကြိုဆိုသည်ဟု လည်း ENC က ပြောသည်။
တဆက်တည်း၌ပင် လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒေါ်စုနှင့် သမ္မတ ဦးသိန်းစိန်အကြား တွေ့ဆုံမှုတွင် နားလည်မှုအဆင့်သို့ရောက် စေပြီး အပေါင်းလက္ခဏာအသွင်ဆောင်ကာ NLD အား ပါတီမှတ်ပုံတင်ခြင်းအဆင့် ဦးတည်စေခဲ့ကြောင်း ENC ၏ ကြေညာချက်တွင် ထောက်ပြထားသည်။
မြန်မာအစိုးရအား အလားတူ ချဉ်းကပ်မှုများ ပြုလုပ်၍ ကချင်ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ ချက်ချင်းရပ်ဆိုင်းပေးစေ ပြီး တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်လာရန် တိုက်တွန်းထားသကဲ့သို့ အကျဉ်းထောင်အတွင်း ကျန် ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလည်း ချက်ချင်း လွှတ်ပေးရန်လည်း ENC က တောင်းဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဒေသတွင်းဆိုင်ရာ၊ နိုင်ငံတကာနှင့်ဆိုင်သော လူမျိုးစု ပဋိပက္ခများ၊ လူသားနှင့် မူးယစ်ဆေးဝါး ကုန် ကူးမှုများ၊ HIV/AIDS နှင့် အခြားကူးစက်ရောဂါများ အဆုံးသတ်ရန် ကမ္ဘာ့ ကုလသမဂ္ဂ-UN၊ ဥရောပယူနီယံ-EU၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊အာစီယံ ကဲ့သို့ နိုင်ငံများက မြန်မာအစိုးရအား ကူညီပံ့ပေးရန် လိုအပ်သည်ဟု ENC ၏ ကြေညာချက်၌ ပါရှိသည်။
ဒေါက်တာရွှေခါးက “ဒီကိစ္စဟာ ဒေသတွင်းမှာကော၊ နိုင်ငံတကာမှာပါ သက်ဆိုင်တဲ့ ပြဿနာဖြစ်ပါ တယ်။ အာစီယံရဲ့ အိမ်ရှင် ဥက္ကဌ ဖြစ်လာတော့မယ်ဆိုရင် အိမ်ရှင်က ဒီကိစ္စတွေကိုဆောင်ရွက် နေကြတာဖြစ်တယ်။ မြန်မာအစိုးရလည်း ဥက္ကဌဖြစ်မယ် ဆိုရင် ဒီကိစ္စကို အင်တိုက်အားတိုက်ဆောင်ရွက် ရမှာ ဖြစ်တယ်။”ဟု ရှင်းပြသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) သည် ၂၀၀၁ ခုနှစ် သြဂုတ်လ၌ ထိုင်း မြန်မာနယ်စပ်တနေ ရာတွင် စတင် ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းစဉ်က ENSCC (Ethnic Nationalities Solidarity and Cooperation Committee) နာမည်ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။