NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်

NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်
by -
သဲသဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ် တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။

နယူးဒေလီ(မဇ္စျိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။

“ဘာကိုပြောင်းမယ်ဆိုတာ စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့် ခမောက်တံဆိပ် လိုဂို ကတော့ ကျနော်တို့ သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေရှိနေလို့။” ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီအလံအား ပြောင်းလဲရန်မရှိဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် အခြားပါတီတခုက ခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ်တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန်  စီစဉ်နေခြင်းဟုလည်း သိရသည်။

NLDlogo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည်မှတ်ပုံ တင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရ

ပါတီ၏ အမှတ်တံဆိပ် ပြောင်းရန်နှင့် ပါတီမှတ်ပုံတင်ရေး လုပ်ငန်းစဉ်များအတွက် လာမည့်သီတင်း ပတ်အတွင်း ဗဟိုအလုပ်မှုဆောင်များ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ပါတီပြန်လည်မှတ်ပုံတင် ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီဝင်များက ဆုံးဖြတ် ခဲ့ကြသည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲ ဝင် သင်္ကေတအဖြစ် အသုံးပြုသည့် တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့သည့် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။

သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်  ရွေးကောက်ပွဲတွင် NLD ပါတီ ခေါင်းဆောင်် ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။

ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင်မှတ်ပုံ တင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

Most read this week