မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် တိုင်းရင်းသား ခေါင်းဆောင်တချိူ့၏ အမြင်

မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် တိုင်းရင်းသား ခေါင်းဆောင်တချိူ့၏ အမြင်
by -
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင်အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ရာထူးပေးရန် အာဆီယံခေါင်းဆောင်များ၏ သဘောတူ ဆုံးဖြတ်ချက်သည် စောသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ရာထူးပေးရန် အာဆီယံခေါင်းဆောင်များ၏ သဘောတူ ဆုံးဖြတ်ချက်သည် စောသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုသည်။

အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူးပေးရေး အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ချက် ချခဲ့ပြီး ၄င်းကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးညီလာခံတွင် အတည်ပြု လိုက်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
th-s-00123-300x204မြန်မာနိုင်ငံအတွင်း လက်ရှိနိုင်ငံရေးပြဿနာနှင့် တိုင်းရင်းသားဒေသအတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အစရှိသည့် ပြည်တွင်း ပြဿနာများ မဖြေရှင်းနိုင်သေးပဲအာဆီယံအလှည့် ကျဥက္ကဋ္ဌဖြစ်ရန် မြန်မာနိုင်ငံအနေနှင့် မကြိုးပမ်သင့်သေးကြောင်း ခေါင်ဆောင်တချို့က ပြောသည်။

မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌရာထူးပေးရေးနှင့် ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက “ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အရင်မဖြေရှင်းသေးပဲနဲ့ ဥက္ကဋ္ဌရာထူးကို လက်မခံသင့်သေးဘူး၊ အာဆီယံခေါင်းဆောင်တွေကလည်း တာဝန်မပေးသင့်သေးဘူးလို့ပဲ မြင်တယ်” ဟု သုံးသပ်သွားသည်။

မြန်မာနိုင်ငံသည် အပြောင်းအလဲဘက်ဆီသို့ ဦးတည်နေပြီဟု ပြောဆိုနေကြသော်လည်း တကယ်တမ်းပင် ပြောင်းလဲလာသည့် ပြုပြင်ပြောင်းလဲမှု မယ်မယ်ရရ မမြင်တွေ့ရသေးကြောင်း အထူးသဖြင့် တိုင်းရင်းသား ဒေသအတွင်း ပြောင်းလဲမှုတစုံတရာမရှိသေးကြောင်း ၄င်းက ပြောသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးရယ်ကလည်း မြန်မာနိုင်ငံအတွင်းပြုပြင်ပြောင်းလဲမှု နှင့် တိုင်းရင်းသားဒေသအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ဆက်ရှိနေသ၍ အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံအနေနှင့် လက်မခံသင့်သေးကြောင်း ပြောဆိုသွားသည်။

သို့သော် အင်ဒိုးနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါကမူ မြန်မာနိုင်ငံသည် ချမှတ်ထား သော ဒီမိုကရေစီလမ်းပြမြေပုံအား အပြောမဟုတ် လက်တွေ့ လုပ်ဆောင်နေကြောင်း၊ တိုးတက်မှုများကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်နေမှုများကို နိုင်ငံတကာကအသိအမှတ် ပြုကြရန် လိုအပ်ကြောင်း ဘာလီကျွန်းမှာ ပြောခဲ့သည်။

မွန်ပြည်သစ်ပါတီ အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာကလည်း “ဒါကတော့ အာဆီယံခေါင်းဆောင်အား လုံးက သဘောတူတယ်ဆိုတော့ ဗမာကတော့ ဥက္ကဋ္ဌရာထူး ရမှာပဲလေ၊ ကျနော်တို့အနေ့နဲ့က ဝေဖန်ဖို့က စောသေးတယ်လေ၊ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဆောင်သွားနိုင်မလဲ သူတို့ဘာတွေအဆင့်သင့်ဖြစ်နေ ပြီးလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဆက်စပ်သည့်အချက်အလက် များ စုဆောင်းရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးအတွက် မည်သည့် အကြောင်းအရာများက စေ့ဆော်တိုက်တွန်းနေသည် ဆိုခြင်းကို ပိုမိုသိရှိရန် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်မြန်မာ နိုင်ငံသို့ အောက်တိုဘာလ ၂၈ ရက်နေ့က လာရောက်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံသို့ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါ၀င်ခဲ့ပြီး၊ အလှည့်ကျဥက္ကဋ္ဌကို ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်လိုကြောင်း အာဆီယံသို့ တောင်းဆိုထားခြင်းဖြစ်သည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့်ဗီယက်နမ် တို့ ပါ၀င်သည်။