နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ၏ ဗဟို ဦးစီအဖွဲ့ အစည်း အဝေးတွင် ပါတီကို မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။
ထိုအခြေအနေအပေါ်တွင် အဲန်အယ်လ်ဒီ(လွတ်မြောက်နယ်မြေ) အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူ၊ လက်ရှိ ကိုရီးယား ကရင်လူငယ်အ စည်းအရုံး(KYO-Korea branch) အဖွဲ့ဝင် စကက်နက်မိုး၏ အမြင်သဘောထားကို ကရင်သတင်းဌာန(ကေအိုင်စီ)က ထိုနေ့ တွင်ပင် ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။
မေး - ဒီနေ့မှာ အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တဲ့ ပါတီမှတ်ပုံတင်မယ်။ ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - ဟုတ်ကဲ့။ မူအားဖြင့် လက်ခံပါတယ်။ လက်မခံတဲ့စိတ် ရှိခဲ့တောင် ဒေါ်စုကိုယုံတယ်ဆိုရင် လက်ခံရမှာပဲ။ တခြားခေါင်း ဆောင်ဆိုရင် ပိုဝေးမှာလေ။
မေး - လူပုဂ္ဂိုလ်ဆိုတာ အမြဲတမ်း ယုံလို့ရတယ်လို့ ပြောချင်တာလား။ စိတ်အပြောင်းအလဲ မရှိနိုင်ဘူးလား။
ဖြေ - လောလောဆယ် ရွေးချယ်စရာ မရှိလို့ပါ။ ရွေးချယ်လို့ရတဲ့တစ်နေ့ စိတ်တိုင်းကျပေါ့။ လက်ရှိအနေအထားက စိတ်တိုင်း မကျပေမဲ့ ဒီလိုပဲ ဖြစ်သင့်ပါတယ်။
မေး - NLD ဟာ အခုဆို ဆုံးဖြတ်လိုက်ခြင်းအားဖြင့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်က အလိုအလျောက် မပျက်ပြယ်သွားဘူး လား။
ဖြေ - အစကတည်းက ပြယ်နေတာပါပဲ။ ဘာမှ အကောင်အထည် မရှိဘူးလေ။ ဘာမှမဖော်နိုင်ကြဘူး။ ဒါဟာလည်း NLD ရဲ့ သမိုင်းပါပဲ။
မေး - ဒါဆိုရင် ၉၀ခုနှစ်မှာ မဲပေးခဲ့တဲ့ လူထုရဲ့ ခံစားချက်တွေ ဘယ်လိုဖြစ်သွားနိုင်မယ် ထင်ပါသလဲ။
ဖြေ - လွှင့်မျောသွားတဲ့ တိမ်တိုက်များပေါ့။ သမိုင်းတရားခံတစ်မျိုးပါပဲ။ မျက်စိမှိတ် တားဆီးနေတာထက်စာရင် အရှိတရားကို လက်ခံလိုက်ရတာပါ။
မေး - တကယ်လို့ ဒီနေ့လို ဆုံးဖြတ်ချက်မျိုး NLD က မဆုံးဖြတ်ခဲ့ရင် ဘာဆက်ဖြစ်နိုင်မယ် ထင်သလဲ။
ဖြေ - ပိုရှုတ်ထွေး ပိုကြာရှည်တဲ့အရာတွေ ဖြစ်လာမှာပါ။ အခုတောင် ကျီးတွေလိုပဲ အာကြတော့မှာ။ အမြင်တွေက မတူဘူး လေ။ ယုံကြည်တယ်ပြောပြီး အမှန်တကယ် ထောက်ခံကြတာ မဟုတ်ဘူး။ ရာသီစာတွေပဲ တည်ရောင်းကြတာ။
မေး - ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြန်လွတ်မြောက်လာချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - အားမရဘူး။ တခုခု သိုဝှက် အချုပ်အနှောင် မိနေသလိုပဲ။ ပွင့်လင်းမြင်သာမှု အားနည်းလွန်းပါတယ်။ စည်းရုံးရေးကျတာ အဲဒါပဲ။ ယုံကြည်မှုအားနည်းသွားတာပေါ့။ သူ့(ဒေါ်စု)အပေါ်ကို ပြောတာပါ။
မေး - ဦးသိန်းစိန် အစိုးရနဲ့ နီးကပ်စွာ ဆက်ဆံနေတဲ့အပေါ် အလိမ်မာနည်းနဲ့ နိုင်ငံရေးကစားတာများ မဖြစ်နိုင်ဘူးလား။
ဖြေ - သိုဝှက်လွန်းတာက သံသယကို ဖြစ်စေပါတယ်။
မေး - NLD နဲ့ ဒေါ်စုက တိုင်းရင်းသားတွေရဲ့ အခြေအနေ အဆက်ဆက်ကို ဂဃနဏ နားလည်သဘောပေါက်တယ်လို့ ထင်မိ ပါသလား။
ဖြေ - မထင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဟာ သူ့အရှုတ်ကိုတောင် သူ မရှင်းနိုင်သေးဘူး။ တိုင်းရင်းသားအရေးကို စိတ်ရှိပေမဲ့ အချိန်အများကြီးယူပြီး လေ့လာရဦးမယ်။
မေး - နောက်ဆုံးပေါ့နော်။ NLD ကလည်း သူ့အလုပ်သူ ဆက်လုပ်နေတယ်။ တိုင်းရင်းသားတွေကိုလည်း အစိုးရက ငြိမ်းချမ်း ရေးကိစ္စ ကမ်းလှမ်း ချဉ်းကပ်နေတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားလက ်နက်ကိုင် အဖွဲ့တွေကလည်း သူ လုပ်စရာရှိတာ သူ့မူနဲ့ သူ လုပ်နေကြတယ်။ မေးခွန်းက အစိုးရဟာတိုင်းရင်းသား အရေးနဲ့ ဒီမိုကရေစီအရေးကို ဘယ်လိုလုပ်နေတယ်လို့ သုံးသပ်နိုင် သလဲ။
ဖြေ - အစိုးရကတော့ ထုံးစံအတိုင်း ကစားနေတာပါပဲ။ တတ်နိုင်သလောက် သူ့ထွက်ပေါက်ကို သူ ချဲ့ထွင်နေတယ်လို့ ထင်တယ်။ လာမယ် ကြာမယ် ဆိုတဲ့ဟာမျိုးပေါ့။ ကြာလည်း ကြာဦးမှာပါ။
မေး - အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ပေးခံရတာနဲ့ တပြိုင်နက် NLD ရဲ့ ဒီနေ့ဆုံးဖြတ်ချက်တွေက အံကိုက်လို ဖြစ်မနေ ဘူးလား။ ဒီတော့ တိုင်းပြည်အနာဂတ်အတွက် ဘာများဖြည့်စွက်ပြောဆိုချင်ပါသေး လဲရှင့်။
ဖြေ - အံကိုက်လိုတော့ ဖြစ်တာပေါ့။ တိုင်းပြည်အနာဂတ်အတွက်ဆိုရင် ပွင့်လင်းရိုးသားစွာ တွေးခေါ်ပါ။ တတ်ယောင်ကား ဆရာများ ဆန့်ကျင်ပါ။ ခေါင်းဆောင်ကောင်း ရှားပါတယ်။ ယုံကြည်ရင် စစ်မှန်စွာထောက် ခံ ပါ။ သမိုင်းက ခေါင်းဆောင်ကို ဆန်းစစ်သလို ပြည်သူကိုလည်း ဆန်းစစ်ပါတယ်။ ဘယ်သူစစ်တယ်၊မစစ်ဘူး ဆိုတာ သမိုင်းက အဖြေပေးသွားမှာပါ။ ငြိမ်းချမ်းရေးကို တကယ်လိုလားရင် တသီးပုဂ္ဂလခံစား မှုကို ဦးစားမပေးကြပါနဲ့လို့ ပြောချင်ပါတယ်။
မေး - တိုင်းရင်းသားတွေ ရှုထောင့်ကရော ဘာများ ပြောဆိုချင်ပါသေးလဲ။
ဖြေ - အရမ်း အရေးပါတဲ့ မေးခွန်းပါ။ ဘယ်အစိုးရပဲတက်တက် ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပေါင်း စုံရဲ့ ခံစားမှု၊ နာကျည်းမှုတွေကို ခြေခြေမြစ်မြစ် နားလည်အောင် လေ့လာသင်ကြားဖို့ လိုအပ်ပါတယ်။ ဆုံးရွားမှားယွင်းတဲ့ အခြေအနေတွေကို ပြောင်းလဲပြုပြင်စေတဲ့ သမိုင်းအသစ်တွေကိုဖန်တီး ပေးစေချင်ပါတယ်။ စစ်မှန်တဲ့ ယုံကြည်မှု တည်ဆောက်ပုံကို တိုင်းရင်းသားတွေရင်ထဲအမှန်တကယ်ရောက် အောင် ပို့ချပေးပါလို့ တောင်းဆိုချင်ပါတယ်။
မေး - တိုင်းရင်းသားတွေဘက်ကရော ဘာတွေများ လုပ်ဆောင်သင့်တယ်လို့ အကြံပေး တိုက်တွန်းချင်ပါသလဲ။
ဖြေ - အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေကို လိုအပ်ပါတယ်။ ကမ္ဘာကြီးက အပြောင်းအလဲ သိပ်မြန် တယ်။ ကျနော်တို့ တပ်မက်တဲ့ ငြိမ်းချမ်းရေးအတွက် တချို့နေရာတွေမှာ အစွဲအလမ်း မကြီးစေလိုပါ။ လူငယ်တွေက ကျနော်တို့လို မတွေးပါ။ ကမ္ဘာကြီးမှာ တိုင်းရင်းသားတွေ အများကြီး ရှိပါတယ်။ ၀င်ပေါက်၊ ထွက်ပေါက်ကို အတူတကွ နားလည်မှုနဲ့ ခရီးသွားဖို့ အသင့် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဖိနှိပ်မှုမှန်သမျှတော့ အားမနာတမ်း တွန်းလှန်ကြပါလို့။