တိုင်းရင်းသားခေါင်းဆောင်များအပါအဝင်ကျောင်း သား ခေါင်းဆောင်များ၊ သံဃာ့ခေါင်းဆောင်များ နှင့် နိုင်ငံရေးအကျဉ်းသား ထောင်ချီအကျဉ်း ထောင်ထဲ၌ ရှိနေသေး သဖြင့် ဒေါ်အောင်ဆန်း စုကြည် အမှူးပြုသော အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်က ကြားဖြတ်ရွေး ကောက်ပွဲ ဝင်ရန် ပါတီ မှတ်ပုံ တင်လိုက်ပါက သူမ အပေါ်တိုင်းရင်းသား များ၏ ယုံကြည်ထောက်ခံမှု ထိခိုက်နိုင်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ကပြောသည်။
“အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ သူမ ပြောခဲ့ဖူးသလိုနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် အောင်၊ ဒီမိုကရေစီရအောင် ကြိုးစားနေတာလို့ယုံကြည်တယ်။ ခုလဲ ပါတီမှတ်ပုံတင်ဖို့ကြား ဖြတ်ရွေးကောက်ပွဲဝင်ဖို့ဆိုတာ သူတို့ လုပ်ပိုင်ခွင့်ရှိလို့၊ သူတို့လမ်းကြောင်း၊ သူတို့ယုံကြည်ချက်နဲ့ သူတို့ သွားနေတာဖြစ် တဲ့အတွက်ကြောင့် ကျနော်တို့ ကတော့ တူတာရှိရင်ပေါင်းလုပ်မယ်။ ဒါပေမယ့်အကျဉ်းကျနေ တဲ့ခေါင်းဆောင်တွေမလွတ်မြောက်သေးဘဲ သူမ ဆက်လုပ် သွားမယ် ဆိုရင်တော့ သူမအပေါ် တိုင်းရင်းသား တွေထားတဲ့ ယုံကြည်မှုကိုတော့ ထိခိုက်သွားနိုင်မှာကို ကျနောစိုးရိမ်မိ ပါတယ် ” SNLD ပြောခွင့်ရစိုင်းလိတ် ကပြောသည်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စ ၊ ပါတီရွေးကောက်ပွဲ ၀င်သင့်မဝင်သင့် ကိစ္စကို NLD ဗဟိုကော်မီတီဝင်မှ အစည်း အဝေး ထိုင်ပြီးမှ ဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ နိုဝင်ဘာ ၁၁ ရက်က NLD ပါတီ တာဝန်ရှိသူများ အစည်း အဝေးတရပ် ကျင်းပခဲ့သော်လည်း ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင် ရေး အတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့ အစည်းအဝေး ထပ်မံ ရွှေ့ဆိုင်း ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ဘယ်ရွေးကောက်ပွဲနယ်မြေကဝင်ရောက် ယှဉ်ပြိုင်မည်ကိုမူ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း - NLD တာဝန် ရှိသူများ၏ ပြော ကြားချက်ကိုကိုးကားပြီး ၎င်းကပြောပါသည်။
SNLD အနေနှင့်မူ မိမိတို့ခေါင်းဆောင်များ ထောင်မှမလွှတ်မြောက်လာသေးသရွေ့ ပါတီမှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင် ရေး အတွက် လုံးဝ စဉ်းစားမည်မဟုတ်ကြောင်း စိုင်းလိတ်က ဆက်လက်ပြောပြသည်။
“ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှု ဆောင် စိုင်းလှအောင်တို့က အကျဉ်းကျနေဆဲမို့လို့ သူတို့တွေ မလွတ်မြောက်လာသေးပဲနဲ့ မှတ်ပုံတင်ဖို့ကိစ္စကို စဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေ ထောင်ကနေလွတ်မြောက်လာအောင်အရင်ဆုံးကြိုး စားပါမယ် ” ဟုပြောသည်။
သျှမ်းတိုင်းရင်းသားခေါင်းဆောင်များအား အမှုပြန်လည်စိစစ်ပေးရန် ပြစ်ဒဏ်ချ တရားစီရင်ခြင်း ၆နှစ်ပြည့် သည့် နိုဝင် ဘာလ အစောပိုင်း၌ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြ တောင်းဆို ထားသည်။
SNLD ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည် ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ပြီးလျှင်ဒုတိယ အနိုင်ရရှိ ထားသည့် ပါတီဖြစ်သည်။