ရန်ကုန် (မဇ္စျိမ) ။ ။အာဇာနည်ခေါင်းဆောင် ကြီးများ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့ကျောက် တံတားမြို့နယ်ရှိ ဝန်ကြီးများရုံးအားဟိုတယ် အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ ကြသည့် ပြည်တွင်းမီဒီယာများအား အဆိုးမြင် ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ ပြစ်တင်ပြောဆိုလိုက် သည်။
ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။
“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများရုံးကိစ္စ အပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။
“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။
“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင်ဝေငှခဲ့ သည်။
ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင် ခဲ့ကြောင်း နှင့် မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုး များသာ ထိန်းသိမ်းသင့်ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။
ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်းနိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။
သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။