ရန်ကုန် (မဇ္ဈိမ) ။ ။သတင်းစာဆရာများအနေ ဖြင့် လွှတ်တော်တွင်း သတင်းများ ရေးသားရာတွင် သတိထားရေးသားကြရန် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်မြင့်ဆွေက သတင်းယူနေသည့် သတင်းထောက်များအား သတိပေး ပြောဆို လိုက်သည်။
“ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြုတ်ယူရေးရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန် ပဲ ရေတောင်းတာကို မပေးချင်လို့ လွှတ်တော်မှာ ပယ်ချ ပစ်တယ်ဆိုတာ မြင်သွားတယ်။ လူထုက အဲဒီလိုမြင်သွား ရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ့” ဟု ဦးမြင့်ဆွေက သတင်းထောက်များကို ပြောသည်။
အင်္ဂါနေ့တွင် ပြုလုပ်သည့် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင်း ဦးမြင့်ဆွေက အစည်း အဝေး မစတင်မီ သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သောသတင်း ထောက်များထံမှ သိရသည်။
အမျိုးသား ဒီမိုကရေစီသစ် ပါတီသစ်မှ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင်သွင်း ခဲ့သည့် “သင်္ဃန်းကျွန်း အပါအဝင် ရန်ကုန်မြို့ ဆင်ခြေဖုန်းမြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီမ ှပေးဝေနေသည့် သောက်သုံးရေ မလုံလောက်မှုကြောင့် လုံလောက်စွာ ဖြန့်ဖြူပေးရန်” အဆိုအားလွှတ်တော် တွင်း မဲခွဲ၍ ဆုံးဖြတ်ခဲ့၌ ရှုံးနိမ့်ခဲ့မှု အပေါ် ရေးသားမှုနှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောဆိုခဲ့သည့် စကားများကို မဇ္စျိမမှ လက်ခံ ရရှိသည်မှာ “ရေရရှိရေး ကိစ္စနဲ့ပတ်သက် ပြီးတော့ ဟိုနေ့က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူမယ်ဆိုတဲ့ အခါကျတော့ မဲခွဲရတယ်။ ဦးကျော်က ရှုံးသွားတယ် အဲဒါကို ဘယ်လိုရေးလဲဆိုတော့ ဂျာနယ်ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုး ပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကပဲ ပေါင်းပြီးတော့ မြို့ရေရရှိရေး အဆိုကို ကန့်ကွယ်တယ်၊ မလုပ်ပေးချင်လို့ကန့်ကွက်လိုက်တယ် ဆိုပြီးတော့။ ဒါက အမှန်မဟုတ်ဘူး” ဟု ဖြစ်သည်။
ယင်းအပြင် “ဒီဟာကို ဦးကျော်က လွှတ်တော်မှာ နိုင်သွားရင် သူ့သင်္ဃန်းကျွန်း တခုတည်းကိုပဲ ဖိဖိစီးစီး လုပ်ရတော့ မယ်။ ကျန်တဲ့ ဒဂုံ တောင်/မြောက်၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းမှာ ရေမရဘူး။ ဆိုလိုတာက ခုလုပ်နေတာ မျှမျှတတလုပ်နေတာ။ လက်ရှိလည်း မြို့တော်ဝန်က လုပ်နေပါတယ်။ ဘက်ဂျက်အပေါ် မူတည်ပြီးတော့ လုပ်သင့် တာကို လုပ်ရမယ်။ ဒါလေး နားလည်ပေးပါ။ သူတခုတည်းပဲ လုပ်လို့မရဘူး။ ဦးကျော်နိုင်ရင် ရှိသမျှဘက်ဂျက်ကို သင်္ဃန်းကျွန်းတခုတည်းကို ပုံအောပြီးတော့ လုပ်ရမယ့်အနေအထား” ဟုလည်း ပြောဆိုခဲ့သည်။
သို့သော် ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ ပြောကြားမှုမှာ မမှန်ကန်ကြောင်းနှင့် ဦးကျော် တင်သွင်းသည့် အဆိုမှာ သင်္ဃန်းကျွန်းမြို့နယ် တခုတည်းသာ ရေရရှိရေးအတွက် မဟုတ်ဘဲ ရန်ကုန်မြို့တော် တခုလုံးအား ခြံုငုံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်စတဲ့နေ့မှာပဲ ဦးကျော်က အဆိုတင်တာ။ သင်္ဃန်းကျွန်းတခုတည်း မဟုတ်ဘူး” ဟု တက်ရောက် သတင်းယူနေသူ တဦးက ပြောသည်။
မိမိတို့အစိုးရအနေဖြင့် ဘက်ဂျက် အတိုင်းအတာအရ မြို့နယ်အားလုံး ရေရရှိရန် အတွက် လုပ်ဆောင်ပေးနေ ကြောင်း၊ လုပ်ဆောင်ပေးရာတွင်လည်း မြို့နယ်တိုင်း မျှမျှတတဖြစ်စေရန် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျန်တဲ့ဟာ ဘာဖြစ်ဖြစ် ငွေက ဒီလောက်ပဲ ရှိတယ်ဆိုတော့။ ဒါကြောင့်မို့လို့ ကျနော်တို့က လွှတ်တော်ထဲမှာ ခုလည်း လုပ်ပေးနေတယ် မေးကြည့်။ သင်္ဃန်းကျွန်းမှာ လုပ်ပေးနေတယ်။ နောက် ရေမရတဲ့ဒဂုံတောင်/ မြောက်၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းတွေကိုလည်း ခုလုပ်နေတာ၊ မျှမျှတတ လုပ်နေတာ။မြို့တွေကို လည်း ဘက်ဂျက်နဲ့ လုပ်ပေးနေတာ။ သူ့ကို သပ်သပ် တယောက်တည်း လုပ်ပေးနေတယ်ဆိုရင် ခင်ဗျားတို့က ဒဂုံဆိပ်ကမ်းမှာနေတယ်၊ ခင်ဗျားတို့ကလည်း တောင်းမှာပဲ။ ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြတ်ယူရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန်ကပဲ ရေတောင်းတာကို မပေးချင်လို့လွှတ်တော် မှာ ပယ်ချပစ်တယ်ဆိုတာ မြင်သွား တယ်။ လူထုက အဲဒီလို မြင်သွားရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ” ဟု ဝန်ကြီးချုပ်၏ ပြောစကားတွင် ပါရှိသည်။
လွှတ်တော် စတင်သော နိုဝင်ဘာလ ၂ ရက်နေ့က တင်သွင်းခဲ့သော ဦးကျော်၏ အဆိုကို နိုဝင်ဘာလ ၃ ရက်နေ့ကဆွေးနွေးကြရာ ယငး်အဆိုကို ကိုယ်စားလှယ်သုံးဦးက ထပ်မံ အဆိုပြု ဆွေးနွေကြကြောင်း၊ လွှတ်တော်တွင် မှတ်တမ်းတင်ထားရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုကြသောကြောင့် မဲခွဲ ဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ ဦးရှိနေပြီး ထောက်ခံသူ ၂၄ ဦးသာ ရှိခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က “ကျနော်တင်တဲ့ အဆိုဟာ မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင်ဖြန့်ဖြူးပေးရေး ဖြစ်ပါတယ်” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော် တင်သွင်းသော အဆိုကို အားလုံးက တညီတညွတ်တည်း သဘောတူ ထောက်ခံကြမည်ဟု တက်ရောက် သတင်းယူနေသူများ အားလုံးက ထင်ကြေး ပေးထားကြသည်။
“ရေရဖို့ ကိစ္စပဲဗျာ ဒါ ကန့်ကွက်စရာမှ မဟုတ်တာ။ ထင်သလို မဟုတ်ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ မြို့နယ်တအတွက် သောက်သုံးရေကို ချိုးဖြူ၊ လှော်ကား၊ ဖူးကြီး နှင့် ငမိုးရိပ် ရေလှောင် တမံ စီမံကိန်းများမှ ရေများကို ရေတွန်းစက် ၁၁ ရုံမှတဆင့် တမြို့လုံး ဖြန့်ဖြူးခြင်းဖြစ်ကာ၊ မြေအောက်ရေကိုမူ စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။
ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏာမှာ နေ့စဉ် ဂါလသန်း ၁၆ဝ ခန့်ရှိကြောင်း၊ ဆက်လက် ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း မြို့တော်ဝန်ဦးလှမြင့်က နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြောကြား ခဲ့သည်။