နိုင်ငံရေးအကျဉ်းသား အရေး ပံ့ပိုးပေးမည်ဟု AAPP ကမ်းလှမ်း

နိုင်ငံရေးအကျဉ်းသား အရေး ပံ့ပိုးပေးမည်ဟု AAPP ကမ်းလှမ်း
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အမှန်တကယ် ဆောင် ရွက်မည် ဆိုပါကနိုင်ငံရေး အကျဉ်းသားများအား အသိအမှတ်ပြု လက်ခံရန်နှင့် အပြုသဘော ဆောင်သည့် ပံ့ပိုးမှုများ ပေးသွားမည်ဟု ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ကမ်းလှမ်းလိုက်သည်။

“ကျနော်တို့ကလည်း အကျဉ်းသား မိသားစုတွေရယ်၊ အကျဉ်းသားဟောင်းတွေစီ ကတဆင့် ဒီအချက် အလက်တွေကို ထပ်ကောက်တယ်။ အဲဒီတော့ ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုပေးတာတို့၊ နောက်တခုက ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) တို့ကို ကျနော်တို့ သတင်း အချက်အလက်ကို မျှဝေတာပေါ့” ဟု AAPP-B အဖွဲ့ အလုပ်အမှုဆောင် ကိုဇော်ထွန်းက မဇ္စျိမကို ပြောသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိဟု ပြောဆိုမှုများ ရှိနေသော်လည်း တဖက်တွင် အစိုးရ ကိုယ်စားလှယ်များက နိုင်ငံရေးအကျဉ်းသား ၃ဝဝ ခန့် လွှတ်ပေးပြီဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

အစိုးရသစ်လက်ထက်တွင်း ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်အရ လွတ်မြောက်လာသူများအနက် နိုင်ငံရေး အကျဉ်းသား ၃၁၂ ဦးသာ ပါဝင်ခဲ့ပြီး နိုင်ငံတဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၆၆၈ ဦးအထိ ဆက်လက်ရှိနေသေးကြောင်း AAPP-B ၏ မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ နိုင်ငံရေး အကျဉ်းသား စာရင်းမှာ မတူညီနေသည့် အတွက် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့၊ ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်သား စာရင်း ကောက်ယူနေသည့် အဖွဲ့များနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် ဦးဆောင်သည့် လွတ်လပ်သည့် အဖွဲ့အစည်းများအား စာရင်းကောက်ယူခွင့် ပြုရန်လည်း AAPP-B က နိုဝင်ဘာလ ရ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားအဖြစ် ဘယ်လိုအကျဉ်းသားမျိုးကို သတ်မှတ်သလဲဆိုတဲ့ဟာကိုလည်း အစိုးရက ကွဲကွဲပြားပြားပြောဖို့လိုတယ်လို့ ယူဆတယ်လေ။ ဥပမာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းခံရတယ် ဆိုပေမယ့်လို့ နိုင်ငံရေးနဲ့ ပတ်သက် တဲ့ ပုဒ်မ မဟုတ်ဘဲနဲ့ ဥပမာ ပုံနှိပ်ဥပဒေ ဆိုတာမျိုး၊ ဗီဒီယို အက်ဥပဒေ ဆိုတာမျိုး၊ အီလက်ထရောနစ် ဥပဒေ ဆိုတာ မျိုးတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတွေလည်း ရှိတယ်” ဟု ပြည်တွင်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး လက်မှတ်ထိုး ကမ်ပိန်း လုပ်နေသည့် ကိုတိုးကျော်လှိုင်က ဆိုသည်။

ကိုတိုးကျော်လှိုင်တို့မှာလည်း ပြည်တွင်းတွင် နိုင်ငံရေး အကျဉ်းသားစာရင်း ကောက်ယူမှုများ ပြုလုပ်လျက် ရှိပြီး လက်ရှိတွင် တရားဝင်ပြုစုပြီး ၆၂၄ ဦးရှိကာ အကျဉ်းထောင် ၁၄ ခု ကျန်ရှိနေသေးကြောင်း၊ ယင်းကိုပါ ထည့်ပေါင်း မည်ဆိုပါက အကျဉ်းသား တထောင်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ယခုကဲ့သို့ စာရင်းကွာဟရခြင်းမှာ နိုင်ငံရေးအကျဉ်းသမားအဖြစ် သတ်မှတ်မှုမတူညီခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့် မတရားအသင်းဆက်သွယ်မှု၊ မတရားအသင်းဝင်မှု၊ နိုင်ငံတော် ပုန်ကန်မှု စသည့် ပြစ်မှုဖြင့် ကျခံနေရသူများအား နိုင်ငံရေးအကျဉ်းသမားအဖြစ် မသတ်မှတ်ခြင်း ဖြစ်နိုင်ကြောင်း AAPP-B က ခန့်မှန်းသည်။

“အငြင်းအခုန် ဖြစ်နေသမျှ ကာလပတ်လုံး အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ သူတို့က ထပ်လွှတ်တယ်။ ထပ်လွှတ်တယ် ဆိုလို့ ရှိရင်လည်း ကျန်နေဦးမှာပဲ။ အဲဒီတော့ ကျနော်တို့က တရားဝင် ကောက်ခံခွင့် ရှိတာ မဟုတ်ဘူး။ ကျနော်တို့ က ဒီဘက်က လက်လှမ်းမီသရွေ့ တတ်စွမ်းသမျှ လုပ်နေရတာ။ တကယ်လို့ ခုနက လိုမျိုး တဖွဲ့ဖွဲ့ကို တရားဝင် လုပ်ခွင့်ပေးမယ်ဆိုရင်တော့ ရှင်းလင်းသွားမယ်”ဟု ကိုဇော်ထွန်းက ဆိုသည်။

AAPP-B  အနေဖြင့် “ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်း၊ လက်နက်ကိုင် လမ်းစဉ် ဆွဲကိုင်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ တွင် တက်ကြွစွာပါဝင် လှုပ်ရှားခြင်း (သို့မဟုတ်) အားပေး ထောက်ပံ့ ကူညီခြင်း (သို့မဟုတ်) ထိုသို့ပါဝင်သည်၊ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းကြောင်း ဖမ်းဆီးခံထားရသူများအား နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ကြောင်း” နိုင်ငံရေး အကျဉ်းသား သတ်မှတ်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ချက်တွင်
ကြေညာခဲ့သေးသည်။

အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားအား မည်သို့ သတ်မှတ်သည်နှင့် စာရင်း အတိအကျအားအများ သိစေရန် ထုတ်ပြန်ရန် လိုအပ်ကြောင်း AAPP-B က ကြေညာချက်တွင် ထောက်ပြထားသည်။

ယင်းအပြင် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ဓားစားခံသဖွယ် သဘောထား၍ နိုင်ငံတကာ နယ်ပယ် တွင် နိုင်ငံရေး အမြတ်ရရေး လုပ်ဆောင်နေခြင်းအားလည်း ရပ်တန့်သင့်ကြောင်း၊ အားလုံးအား ခြွှင်းချက်ရှိ ပြန်လွှတ် ၍ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပြုသင့်ကြောင်း AAPP-B က တိုက်တွန်း ထားသည်။

မကြာသေးခင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးလိမ့်မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိကာ ယင်းကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း၊ သို့သော် မည်မျှပင် လွှတ်စေကာမူ ကြိုဆိုသင့်ကြောင်း ပြည်တွင်းရှိနိုင်ငံရေးအကျဉ်းသားကူညီနေသူများက ရှုမြင်သည်။

လက်ရှိတွင် အစိုးရအနေဖြင့် အကျဉ်းသားအားလုံး လွှတ်ပေးရန်အတွက် စိုးရိမ်မှုများ ရှိနေနိုင်သေးကြောင်း၊ သို့သော် ကျန်ရှိနေသူများမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်ခဲ့သူများ ဖြစ်သည့် အတွက် ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် AAPP-B  က နိုဝင်ဘာ ရ ရက် ထုတ်ပြန်ချက်မှတဆင့် တောင်းဆိုထားသည်။

“လူထုပဲ ဖြစ်ဖြစ်၊ လူငယ်ထုပဲ ဖြစ်ဖြစ်လေ၊ တကယ်လှုပ်ကိုင်နိုင်တာ၊ စည်းရုံးနိုင်တာက ၈၈ မျိုးဆက် ကျောင်းသားတွေ ဖြစ်တယ်လေ။ ဒီ ရှစ်လေးလုံးကလည်း သူတို့ ဦးဆောင်ပြီး လုပ်လာတာ ဖြစ်တယ်ဆိုတော့ အစိုးရအနေနဲ့ စိုးရိမ်မှုတွေ များနေ တယ်လို့ ထင်တယ်။ တကယ်တမ်းက ၈၈ မျိုးဆက်ကျောင်းသားတွေ ဆိုတာက ဆူပူလိုတဲ့ ဆန္ဒမရှိပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို မူချပြီးတော့ကို သူတို့ လုပ်နေတာ” ဟု AAPP-B အလုပ်အမှုဆောင် ကိုဇော်ထွန်းက ပြောဆိုသည်။

Most read this week