ချင်းမိုင် (မဇ္စျိမ) ။ ။ပါတီမှတ်ပုံတင်ရေးမတင် ရေးအတွက် ကယားပြည်နယ်မှလွဲ၍ တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အစည်းအဝေး ခေါ်ယူ ဆုံးဖြတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- NLD က ပြောသည်။
“ကျနော်တို့ CC ခေါ်ဖို့ ဆုံးဖြတ်ပါတယ်။ CC ကို ၁၈ ရက်နေ့ မနက် ၁ဝ နာရီခေါ်ပါ့မယ်။ ” ဟု ပါတီဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ပြောသည်။
အင်္ဂါနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်တွင် နေအိမ် တွင် နှစ်နာရီကြာ ကျင်းပသည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြသည်။
အစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး ကျန်ရှိသည့် အနက် ကျန်းမာရေး မကောင်းကြသော ပါတီဥက္ကဌ ဦးအောင်ရွွှေှ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ တို့ တက်ရောက်နိုင်ခြင်း မရှိပါ။
နိုဝင်ဘာလဆန်းကမူ NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသန်းဝင်းနှင့် ဦးဒေးဗစ်လှမြင့်တို့ အပါအဝင် ပါတီဝင် (၃၂) ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ လက်မှတ်ထိုး ကန့်ကွက်စာ ပေးပို့ခဲ့သည်။ ရွှေပြည်သာ၊ ဒဂုံ၊ ဒလနှင့် ခရမ်းမြို့နယ်တို့မှအဖွဲ့ဝင်များပါဝင် သည်ဟု ကန့်ကွက်သူရွှေပြည် သာမြို့နယ် NLD အမျိုးသမီးလုပ်ငန်း အဖွဲ့ဝင် မခင်ဝင်းကြည်က ပြောသည်။
“၂ဝဝ၈ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) ကို ကျမတို့က လက်မခံဘူးလို့ ကြေညာပြီးခါမှ ခုမှ ရွေးကောက်ပွဲဝင်မယ်၊ မှတ်ပုံတင်မယ် ဆိုရင် ၂၀၀၈ ခုဖွဲ့စည်းပုံကြီးကို လက်ခံသလို ဖြစ်သွားမယ်။ အဲဒီအတွက်ကို ကျမတို့က ကန့်ကွက် မှာပဲ။” ဟု ပြောသည်။
အဓိက အတိုက်အခံ ပါတီ NLD အတွက် ဦးတည်သည်ဟု ယုံကြည်ရသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်မှုကို နိုဝင်ဘာလ ၄ ရက်တွင် သမ္မတ ဦးသိန်းစိန်က လက် မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် စကားရပ် အစား “လေးစား လိုက်နာရေး” ဆိုသည့်စကားရပ်ဖြင့် အစားထိုးခြင်း၊ အကျဉ်းကျနေသူများလည်း ပါတီဝင် ဖြစ်နိုင်ခြင်း၊ မကြာမီကျင်းပဖွယ် ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်းတို့ ပြောင်းလဲ သွားသဖြင့် ပါတီ ဒုဥက္ကဌ ဦးတင်ဦးနှင့် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်တို့က အပြုသဘော ဆောင်သည်ဟု သတင်းဌာနများကို ပြောဆိုထားသည်။
ပါတီမှတ်ပုံတင်ခြင်းအားဖြင့် NLD ပါတီ၏ လှုပ်ရှားဆောင်ရွက်မှုများ အပေါ် မည်သို့ အပြောင်းအလဲဖြစ်နိုင် သည် ကိုမူ ဗဟိုဦးစီး အဖွဲ့ဝင်များကသာ ဝိုင်းဆွေးနွေးကြမည် ဖြစ်သဖြင့် ကြိုတင်ပြောရန်မသင့် ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
“ကျနော်က ကြိုပြောလို့ မဖြစ်ပါဘူး။ သူတို့ ဆွေးနွေးချင်တာကို ပိတ်ထားသလို ဖြစ်နိုင်ပါတယ်။ မြှောက်ပေး သလို လည်း ဖြစ်နိုင်တယ်။” ဟု သူကပြောသည်။
NLD က အဖွဲ့ဝင်အဖြစ် ပါဝင်သည့် လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူးဦးအေးသာအောင် ကမူ အစိုးရနှင့် NLD အကြား ရှေ့ဆက်ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် NLD အနေဖြင့်မှတ်ပုံပြန်တင်သင့်သည် ဟု ယူဆသည်။
“မှတ်ပုံတင်သင့်တယ်လို့ ထင်ပါတယ်။ ဦးသိန်းစိန် အပါအဝင် တွေ့ဆုံ ဆွေးနွေးပွဲတွေက နားလည်မှု၊ ယုံကြည်မှု၊ ဒီတော့ မှတ်ပုံတင်ဖို့ ကိစ္စတွေလည်း ပါဝင်တယ်လေ။ ရှေ့ဆက်ပြီးတော့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု သူက ပြောသည်။
ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ALD အတွင်းရေးမှူးလည်းဖြစ်သူ ဦးအေးသာအောင်က သူတို့ ပါတီ မှတ်ပုံပြန်တင်ရေး မတင်ရေးကိုမူ ပါတီမှတ်ပုံတင်ရေး ဥပဒေ ပြင်ဆင်မှုထက် နိုင်ငံရေး အခင်းအကျင်းတခု လုံးကို စဉ်းစားသုံးသပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်းတွင် အစည်းအဝေး ကျင်းပပြီးဆုံးဖြတ် မည်ဟု ဆိုသည်။
CRPP အဖွဲ့ဝင် ဖြစ်သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ MNDF မှ ရေးမြို့နယ် ၁၉၉၀ လွှတ်တော် အမတ်
ဒေါက်တာမင်းစိုးလင်းကမူ ဖွဲ့စည်းပုံ အခြေခံကို “ထိန်းသိမ်းစောင့်ရှောက်ရေး” နှင့် “လေးစားလိုက်နာရေး” ဆိုသည် မှာ ကွာခြားမှု မရှိကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခြေခံ မူ ၆ ချက်တွင် တပ်မတော်က နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုသည့်အချက် အား လက်မခံနိုင်သဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြည်ပအခြေစိုက် ကာဝါ မွန်သတင်းဌာနကို တနင်္လာနေ့က ပြောသည်။
ဦးအေးသာအောင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်၊ ဦးသိန်းစိန်တို့အကြား ဆွေးနွေးမှုများ ဆက် တိုက် ကျင်းပပြီး ယုံကြည်မှု၊ အပေးအယူ တို့မှတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်နိုင်မည်ဟု ယုံကြည်သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများလွှတ် ပေးရန်လိုနေသေးပြီး တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိနေသေးကြောင်း ပြော သည်။
၁၉၉ဝ ခု ရွေးကောက်ပွဲ ရလဒ်အဖြစ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်မီလွှတ်တော် ကဲ့သို့ဆောင်ရွက်ရန် ရည်ရွယ်၍ ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် ပါတီများဖြင့် စုဖွဲ့ထားသည့် CRPP အစည်း အဝေးကိုနိုဝင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး NLD ပါတီ မှတ်ပုံတင်ရေး ကိစ္စလည်း ဆွေးနွေးမည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က ရွေးကောက်ပွဲမဝင်ရန်၊ ပါတီမှတ်ပုံတင် ထပ်မံ မတင်ရန်ကို NLD တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ခန့်နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ရန်ကုန် ပါတီရုံး ချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် မှတ်ပုံမတင်ရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဒုဥက္ကဌ ဦးတင်ဦးတို့မှာလည်း နေအိမ်အချုပ် ကျခံနေရချိန် ဖြစ်သည်။