ရန်ကုန် (မဇ္စျိမ) ။ ။ အတိုက်အခံနိုင်ငံရေး ကြောင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ လိုင်စင်နှင့် ပညာ ဆက်လက် သင်ကြားခွင့် ပြန်လည် ရရှိရေး အတွက် သတင်းစာ ရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အိုလံပစ်တာဝါတွင် နိုဝင်ဘာလ ၅ ရက်နေ့ ပြုလုပ်ခဲ့သည်။
အိုလံပစ်တာဝါ Sky View စားသောက်ခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲကို သက်မွေးဝမ်း ကြောင်း လိုင်စင်နှင့် ကျောင်းတက်ခွင် ရုပ်သိမ်းခံထားရသည့် ရှေ့နေများ၊ ဆရာဝန်များနှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
“သမ္မတရယ်၊ လူ့အခွင့်အရေး ကော်ရှင်ကို စာတင်ပြီးပြီ။ ဒါနဲ့မှ မရရင် နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်ကို ထပ်တင်ဖို့ ကျနော်တို့ ဆောင်ရွက်မှာပါ” ဟု ရှေ့နေ လိုင်စင်ရုပ်သိမ်းခံထားရသည့် ရှေ့နေကြီး ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
သမ္မတထံသို့ လက်မှတ်ထိုးတင်ပြရာတွင် လိုင်စင်သိမ်းခံထားရသူ ရှေ့နေ ၂၂ ဦး၊ ဆေးကုသခွင့် ဆ.မ လက်မှတ် ရုပ်သိမ်းခံထားရသူ ခုနှစ် ဦးနှင့် ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရသူ ကျောင်းသား၊ ကျောင်းသူ ခုနှစ် ဦးက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“လူတယောက်ကို အပြစ်နှစ်ခုပေးတာမျိုး ဖြစ်နေတယ်။ အခုက ထောင်လည်းချတယ်၊ ပြန်လွတ်လာ တော့လည်း သူနဲ့ပတ်သက်တဲ့ ရှေ့နေအလုပ်၊ ဆရာဝန်အလုပ်၊ ကျောင်းတက်ခွင့်တွေကို ပိတ်တယ်ဆိုတော့ ဒီခေတ်မှာ ဒါတွေက မဖြစ်သင့်တော့ဘူး။ အစိုးရဟောင်းလက်ထက်က ဥပဒေကိစ္စတွေကို အစိုးရသစ်က ဒီလိုပဲ သယ်ယူမလား၊ ဒါကို အစိုးရသစ်က ဖြေရှင်းသင့်နေပြီ” ဟု ဦးအောင်သိန်းက ဆိုသည်။
ဦးအောင်သိန်းမှာ ယခင် အစိုးရလက်ထက်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးခဲ့ရာမှ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် လေးနှစ်ခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မတ်လ ၆ ရက်နေ့က လွတ်မြောက် လာပြီးနောက် ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်းခံရသူ ဖြစ်သည်။
အစိုးရအနေဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အမှန်တကယ် ဆောင်ရွက်လိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ပေးရန် လိုအပ်ကြောင်း သမ္မတအား ပြောဆိုလိုကြောင်း အခြားရှေ့နေလိုင်စင် သိမ်းခံထားရသူ ရှေ့နေ ဦးဌေးက မှတ်ချက်ပြုသည်။
အောက်တိုဘာလ ၃ ရက်နေ့ အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အမတ် ဒေါက်တာမြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန် လိုင်စင် ရုပ်သိမ်းထားမှုကို ပြန်ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ရှေ့နေများကို အရေးယူရာတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်က တရားလွှတ်တော် ရှေ့နေများ ကောင်စီ (ဘားကောင်စီ) နှင့် တိုင်ပင်၍ ဆုံးဖြတ် သည်ဟု ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ရှေ့နေလိုင်စင်သိမ်းခံထားရသူ၊ ဆ.မ လက်မှတ် သိမ်းခံ ထားရသူ၊ကျောင်းပိတ်ခွင့် ပိတ်ပင်ခံထားရသူ၊ အနုပညာ လုပ်ပိုင်ခွင့် ပိတ်ပင်ခံထားရသူ အနုပညာသမားများ အတွက်ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်တွင် တင်ပြနိုင်ရန်အတွက် ဆောင်ရွက်နေသည်ဟု သိရသည်။
ယင်းအပြင် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် သောမတ်ကွင်တားနားနှင့် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် လည်း ယင်းကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့သည်။
“မိမိအနေဖြင့် တရားမျှတမှု မရှိသော ဥပဒေများကြောင့် ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရသည့် အတွက် ယင်းနှင့် ပတ်သက်၍ သမ္မတအား ပြန်လည် စဉ်းစားပေးရန် ပြောဆိုချင်ကြောင်း” ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရသူ ကိုရဲမင်းဦးက ပြောသည်။
ဆ.မ နံပါတ် ရ၂၄၀ သိမ်းခံထားရသူ မန္တလေးမှ ဒေါက်တာဇော်မြင့်မောင်ကလည်း မိမိအနေဖြင့် ဆ.မပြန် ရရှိရေး အတွက် မြန်မာနိုင်ငံ ဆေးကောင်စီကို တင်ပြခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော်အကြောင်းမထူးခဲ့ကြောင်း နှင့် တရားမျှတမှု မရှိသော ဥပဒေများကို ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုလိုက်သည်။
ဒေါက်တာဇော်မြင့်မောင်မှာ မန္တလေးမြို့တွင် စင်ပြိုင် အစိုးရ ဖွဲ့စည်းရေးနှင့် တောတွင်း ယာယီအစိုးရ ဖွဲ့ စည်းရေးတွင် ပါဝင်ခဲ့သည့်အတွက် ဆ.မ လက်မှတ် သိမ်းခံထားရခြင်း ဖြစ်သည်။