(ဆောင်းပါး) မိုးအကုန် ဆောင်းအဝင် ဆိုသော် လည်းရာသီဥတု ဖောက်ပြန်ပြီး မိုးရွာတဲ့အတွက် လူသွားလမ်းတွေမှာ ရွံ့ပွက်တွေ ရေအိုင်ငယ်တွေဟာ ဟိုတကွက် ဒီ တကွက်နဲ့ ပြည့်နှက်လို့နေတယ်။
မိုးအကုန် ဆောင်းအဝင် ဆိုသော်လည်း ရာသီဥတုဖောက်ပြန်ပြီး မိုးရွာတဲ့အတွက် လူသွားလမ်းတွေမှာ ရွံ့ပွက်တွေ ရေအိုင်ငယ်တွေဟာ ဟိုတကွက် ဒီတကွက်နဲ့ ပြည့်နှက်လို့နေတယ်။ တချို့နေရာမှာဆိုရင် နင်းချလိုက်တာနဲ့ ရွံ့တွေက ခြေမျက်စိအထိ နစ်မြုပ်သွားပါတယ်။ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင် အတွင်းက ကရင်နီအမှတ်၂ ဒုက္ခသည်စခန်းမှာပါ။
ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ ဟာ မယ်ဟောင်ဆောင်ခရိုင်က တခြားကျေးရွာတွွေနဲ့ ဝေးလံခေါင်းပါးပြီး ဧည့်သည်တွေ အရောက်အပေါက်နည်းတဲ့နေရာလို့ ပြောရင် မမှားပါဘူး။ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းနဲ့ နှိုင်းရင် အထီးကျန်ဆန်လွန်းလှပါတယ်။
သဘာဝဘေးဒဏ်ကြောင့် ရေတွေဖျက်ဆီးထားတဲ့အတွက် မယ်ဟောင်ဆောင်မြို့ကနေ စီးလာတဲ့ကျမတို့ ကားဟာ စခန်းထဲထိ မဝင်နိုင်တော့ပါဘူး။ စခန်းထဲရောက်ဖို့ ၁ နာရီကျော်ကြာ ခြေလျင်ဖြင့်ထပ်လျှောက်ရ ပါတယ်။
စခန်း ၂ သို့ အလည်အပတ်ရောက်လာတဲ့ ကျမတို့အုပ်စုထဲက ဖူးမော်ကတော့ တုတ်ရှည်လေးကို အားကိုးပြီး ဖြည်းလေးစွာ လျှောက်လှမ်းရင်း အခုလို ပြောပါတယ်။
“အခုသူတို့ထားတဲ့ ဂိုဒေါင်နဲ့ စခန်းနဲ့ဆိုရင် ကျမဘာမှမထမ်းပဲ သွားတာတောင် တအားမောတယ်။စခန်းထဲက လူတွေ ဆန်သွားထုတ်ရင်တော့ သူတို့အတွက် အရမ်းအခက်အခဲဖြစ်မှာပဲ”
ခင်မင်စရာကောင်းပြီး ဧည့်သည်တွေကို လိုလေသေးမရှိအောင် ကူညီတတ်တဲ့ ရွာထဲက ပျိုမေတို့ရဲ့ ပြုစုယုယမှုကြောင့် ဖူးမော်တို့ ပင်ပန်းလာသမျှ အမောတွေဟာ ပြေစေပါတယ်။
ယခင်တုန်းက TBBC နဲ့ UNHCR က ထုတ်ပေးတဲ့ စားနပ်ရိက္ခာ ဆန်တွေကို ရပ်ကွက်အတွင်းမှာပဲ ထုတ်ယူနိုင်ပေမယ့် ယခုအချိန်မှာတော့ ခြေလျင်ဖြင့် တနာရီကျော်ကြာ လမ်းလျှောက်သွားပြီး ထုတ်ယူရမှာ ဖြစ်ပါတယ်။
ရေဖြတ်လိုက်၊ တောင်တက်လိုက်၊ ရွှံ့ပွက်များထဲ လမ်းလျှောက်လိုက်၊ ကျဉ်းမြောင်းတဲ့ ၀ါးတံတားပေါ် ကူးလိုက်နဲ့ စားနပ်ရိက္ခာဆန်တွေကို ဒီလိုခက်ခက်ခဲခဲဖြင့် သွားရောက် သယ်ယူကြရပါတယ်။
ရေတိုက်စားမှုကြောင့် စခန်း ၂ နဲ့ ပြင်ပဆက်သွယ်ရေးမှာ တနှစ်ထက်တနှစ် ခက်ခဲသည်ထက်ပိုမိုခက်ခဲလာပါ တော့တယ်။ ယခင်တွင် စခန်းအတွင်းသို့ NGO ကားများ လာရောက်နိုင်သော်လည်း ယခုနှစ်မှာတော့ ကားများ စခန်းထဲ မဝင်လာနိုင်တော့တဲ့အတွက် စခန်းသူ၊သားများက စားနပ်ရိက္ခာ၊ဆန်များ ထုတ်ယူနိုင်ရန် စခန်းအပြင်သို့ ထားပေးပါတယ်။
“လကုန်တော့မယ် ဆန်ကို အဝေးကြီးသွားထုတ်ရမယ် အဖွားအနေနဲ့ ဘယ်လို သွားထုတ်ရမလဲ စဉ်းစားလို့ မရဘူး။ အဲမှာ သွားထုတ်ဖို့ စိတ်မောလိုက်တာ” လို့ စခန်း ၂ ရပ်ကွက် ၃ မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အဖိုးက လေပူတချက် ဖြည်းလေးစွာ မှုတ်ထုတ်ရင်း ပြောပါတယ်။
လမ်းအခက်အခဲကြောင့် စခန်းထဲမှာ အခုဆိုရင် ကားဘီးယာလေးတောင် မြင်တွေ့ခွင့်မရှိတော့ပါဘူး။သဘာဝ ဘေးဒဏ်ကြောင့် စခန်း ၂ ဟာ အရင်က စခန်း ၂ နဲ့ မတူတော့ပါ။ ယခင်က စနစ်တကျ စီးဆင်းနေတဲ့ စမ်း ချောင်းရေဟာ အိမ်တွေကိုဖြိုပြီး လူနေအိမ်လမ်းကြောင်းကို နေရာယူလိုက်ပါပြီ။
ပြီးခဲ့တဲ့ သြဂုတ်လမှစ၍ မိုးရွာသွန်းပြီး ရေကြီးမှုကြောင့် အသက ်၅၂ အရွယ် အမျိုးသားတဦး ရေထဲမျော ပါသေဆုံးသွားခဲ့ပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ရေကြီးတဲ့အတွက် ချောင်းနံဘေးက အိမ် ၈ လုံး ပျက်စီးသွားပြီး နောက်ပိုင်းတွင်လည်း ရေတိုက်စားမှုကြောင့် ချောက်ကမ်းပါးပြိုကျပြီးအိမ်တော်တော် များများ ပျက်စီးသွားပါတယ်။ ယခင်ကသာယာလှတဲ့ စမ်းချောင်းလေးတွေနဲ့ ရွာကို ၀ုိင်းရံထားတဲ့စိမ်း လန်းစိုပြေတဲ့ တောင်တန်းလေးတွေဟာလည်း အလှမဲ့လို့ပေါ့။
ကရင်နီအမှတ် ၂ ဒုက္ခသည် စခန်း (ခေါ်) မယ့်စူးရင်းကျေးရွာ စတင်ဖြစ်ပေါ်လာချိန်တွင် ၁၉၉၅ ခုနှစ်မှာ ကားများ ဆိုင်ကယ်များက ရွာထဲသို့ ပုံမှန်လာရောက်လေ့ရှိပါတယ်။ စခန်း၂ ဟာ ရပ်ကွက် ၄ ခုဖြစ် တည် ဆောက်ထားပြီး ၀ါးပင်၊ ဖက်မိုးတွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်လေးတွေနဲ့ ဆောက်လုပ်ထားတဲ့ စခန်း၂ ဟာ လူဦးရေ ၃၆၇၈ ဦး နေထိုင်ကြပါတယ်။
ယခင် ၁၉၉၆ - ၉၇ ခုနှစ်တုန်းက စခန်းထဲမှ စျေးဆိုင်ရောင်းသူများလည်း မနက် ၅ နာရီအချိန်တွင် လိုင်းကားဖြင့် မယ်ဟောင်ဆောင်မြို့ထဲသို့ ထွက်သွားပြီး ညနေစောင်းအချိန်တွင် ရောင်းရန် ပစ္စည်းများနဲ့ ပြန်ရောက်လာလေ့ရှိတယ်။
သို့သော် NGO ကားများမှ လွဲ၍ စခန်းထဲသို့ ဆိုင်ကယ်များ၊ ကားများ ယူဝင်ခွင့်ကို ဒေသခံအာဏာပိုင်က အကန့်အသတ် သတ်မှတ်ထားသည့်အတွက် နောက်ပိုင်းတွင် အပြင်မှကား၊ ဆိုင်ကယ်များ ၀င်လာခြင်းမရှိ တော့ပါ။ အခုဆိုရင် လမ်းပျက်စီးသွားတဲ့အတွက် ကားများ စခန်းထဲသို့ ၀င်လို့မရတော့ပါ။ကားဘီးယာများ လည်း ပျောက်ကွယ်နေပါပြီ။ ပြင်ပနှင့် အလှမ်းဝေးနေရင်းက ပိုမိုအလှမ်းဝေးသွားပြန်ပါပြီ။
စခန်း ၂ မှ ကျောင်းသူ၊သားများဟာလည်း ပြည်ပတွင် ပညာသင်ကြားခွင့်လည်း တဖြည်းဖြည်းအားနည်း လာပါတယ်။ သူတို့ဟာ ပညာအရည်အချင်းမရှိလို့တော့ မဟုတ်ပါ။ အရည်အချင်းရှိရက်နဲ့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် ပြင်ပသို့ ပညာသင်ကြားသည့် အခွင့်အရေး အလိုလို ဆုံးရှုံးရပါတယ်။
“ကမ့်မှာရှိတဲ့ ကျောင်းသူ၊သားတွေက ပြည်ပကို ပညာထွက်ရှာဖို့ အခွင့်အရေးနည်းနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ communication အားနည်းချက်ကြောင့်ပါ”လို့ ဆယ်တန်းလွန်ကျောင်းဆရာမ တဦးက သူ့မရဲ့ အမြင်ကို ပြောပါတယ်။
ကျောင်းပြီးသော သူများဟာ စခန်းထဲမှ ကျောင်းဆရာ ဆရာမ အလုပ်၊ ဆေးခန်းသို့ ၀င်လုပ်ခြင်း၊ VT( အသက်မွေးဝမ်းကျောင်း)၊ COFEE၊ အုပ်ချုပ်ရေး၊ စတဲ့ အလုပ်များသာ လုပ်ကိုင်စားသောက်နေကြတယ်။
စခန်း ၂ အတွင်းတွင် မတော်တဆ တခုခု ဖြစ်ပျက်ပါက အဆက်အသွယ် ခက်ခဲသည့်အတွက် အပြင်သို့ ချက်ချင်းသတင်းမပေးနိုင်သလို ပြည်ပမှ ဖြစ်ပျက်မှုကိုလည်း စခန်းထဲတွင် ချက်ချင်း မသိနိုင်ပါ။
မိသားစုများ စားသောက်ရန် ချောင်းနံဘေးတွင် စိုက်ပျိုးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက် သီးနှံပင်တွေလည်း ရေကြီးလို့ ရေထဲ မျောပါသွားကုန်ပါပြီ။ သီးနှံကိုယ်စား အာလူးလောက်ရှိတဲ့ ကျောက်ခဲတွေပဲနေရာယူနေ တယ်။
ရေကြီးပြီးနောက်ပိုင်းမှာ ကုန်စျေးနှုန်းလည်း မြင့်လာတဲ့အတွက် စခန်းသူ၊သားများ စားသောက်ရေးအတွက် အခက်အခဲနဲ့ တွေ့ကြံုနေကြရတယ်လို့ စခန်း အုပ်ချုပ်ရေးက ပြောပါတယ်။
“ကုန်စျေးနှုန်းမြင့်တက်လာတာ အလုပ်မရှိတဲ့သူတွေ အခက်အခဲရှိမှာဘဲ။ သူတို့ ၀ယ်စားနိုင်ကြမှာမဟုတ် ဘူး” လို့ စခန်းအုပ်ချုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကရင်နီ အမှတ် ၂ ဒုက္ခသည် စခန်းဟာ သဘာဝဘေးဒဏ်ကြောင့်လမ်းပန်းဆက်သွယ်ရေး တွေ ပျက်စီးနေပေမယ့်လည်း စခန်းကော်မီတီ၏ အုပ်ချုပ်ပုံမှာ စည်းစနစ်ကျပြီး ပုံမှန်လည်ပတ်လေ့ရှိနေမြဲပါ။
ဒီထက်ဂုဏ်ယူစရာ ကျေနပ်မဆုံးဖြစ်မိတာကတော့ စခန်း ၂ ဟာ ဘယ်လောက်ပဲ အထီးကျန်ဆန်နေပါစေ စခန်းတွင်းက စခန်းသူစခန်းသားတွေ၊ လူငယ်မောင်မယ်တို့ရဲ့ ဖေါ်ရွှေမှုတွေကမပြောင်းမလဲခိုင်မာနေလို့ ပါဘဲ။
ဖူးမော်တို့ အိမ်ပြန်ချိန်မှာ စခန်း ၂ က တလတကြိမ်ထုတ်ပေးတဲ့ ဂိုဒေါင်အထိ ခြေခြင်ဖြင့်တနာရီ ကျော် လောက် လမ်းလျှောက်သွားရပါတယ်။ ကျမတို့ကို ကားနားအထိ လိုက်ပို့ပေးတဲ့ စခန်းထဲမှ ပျိုမယ်မောင်မယ် တို့ဟာ ကားထွက်ချိန်မှာတော့ ဖူးမော်တို့ နောက်ကျောကို မျှော်ကြည့်ပြီး လက်ပြနှုတ်ဆက်ရင်းကားရဲ့ ရွေ့လျား မှုကြောင့် သူတို့နဲ့ ဝေးသည်ထက် ပိုမိုဝေးသွားပါတော့တယ်။
ဖူးမော်တို့က ကားစီးပြီး အိမ်ပြန်ချိန်မှာတော့ သူတို့ခမျာ စခန်းထဲပြန်ရောက်ဖို့ တနာရီကျော်ကြာလမ်းလျှောက် ပြန်ရအုံးမှာကို တွေးမိရင်း..။