ဂျာမန် ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနှင့်တွေ့မည်

ဂျာမန် ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနှင့်တွေ့မည်
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံသို့ရောက်ရှိ နေသော ဂျာမဏီနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဝါနာ ဟိုယာ Dr. Werner Hoyer သည် နေပြည်တော် အစိုးရ အရာရှိများအပြင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

၎င်း၏ သုံးရက်ကြာ တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဒေါက်တာဟိုယာ၏ ဝဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

“နိုင်ငံရေး အကျဉ်းသား အချို့ လွတ်မြောက်လာမှု အပါအဝင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများ ကျန်နေသေးတဲ့ အတွက် သူတို့ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ကျနော် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဒေါက်တာဟို ယာက ဂျာမန်ဘာသာဖြင့် ရေးသားထားသည်။

တောင်အာရှ ခရီးစဉ်အတွင်း ဒေါက်တာဟိုယာသည် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားတွင် အာဆီယံ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan နှင့် တွေ့ဆုံကာ အာဆီယံ-ဂျာမဏီ-ဥရောပတို့နှင့် ဆက်ဆံရေး ကိစ္စအပြင် အာရှသမူဟ ဖြစ်စဉ်အတွင်း ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုများလည်း ဆွေးနွေးခဲ့ကြောင်း FNF အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဒေါက်တာ ဝါနာဟိုယာသည် ဂျာမန် လစ်ဘရယ်လမ်းစဉ် Free Democratic Party မှ ဖြစ်ပြီးဥရောပနှင့် တောင်အာရှ စီးပွားရေးဆက်ဆံမှုနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စအတွက် အမြင်ဖလှယ်မှုတွေကို ပို၍တိုးလို့သာ စဉ်ဆက် မပြတ် ကြိုးပမ်းအားထုတ်သွားဖို့ လိုသေးကြောင်း ၎င်းခရီးစဉ်အပေါ်မှတ်ချက် ပြုထားသည်။

Most read this week