နယူးဒေလီ (မဇ္စျိမ) ။ ။ ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို အမေရိ ကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးမိုက်ကယ် ပေါ်စနာအား ပြောဆိုခဲ့ သည်ဟု ရွေးကောက်ပွဲဝင် ချင်းအမျိုးသား ပါတီ - CNP က ပြောသည်။
“ကျနော်တို့ ပြည်နယ်မှာဆိုရင် အခုထိ Human Rights Violations နဲ့ပတ်သက်တာပေါ့နော်။ လူ့ အခွင့် အရေးနဲ့ ပတ်သက်လို့ ထိပါးတဲ့ ကိစ္စတွေက အခုထပ်ထိ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ပြောင်းလဲပါတယ် လို့ ပြောရမှာ ခက်ပါတယ်လို့ ကျနော် ပြောပါတယ်” ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ကန်ပက်လက်မြို့ရှိ ဒေသခံများ စိုက်ထူထားသည့် လက်ဝါးကပ်တိုင်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းအား နမူနာပေး ပြောဆို ခဲ့သည်ဟု ဆိုသည်။
နံနက် ၁၁ နာရီ ၄၅ မိနစ်မှ နှစ်နာရီကြာမြင့်သည့် တွေ့ဆုံမှုတွင် အခြားတိုင်းရင်းသား ပါတီများ ဖြစ်သည့် ရှမ်း အမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတို့လည်း ပါဝင်သည်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး မိုက်ကယ်ပေါ်စနာက လက်ရှိနိုင်ငံရေး အခြေအနေ၊ ပြည်နယ် အခြေအနေများနှင့် ပါတီ အခြေအနေများကိုသာ မေးမြန်းခဲ့သည်ဟု သိရသည်။
ယခုခရီးစဉ်မှာ ၎င်း၏ ပထမဆုံး ခရီးစဉ်ဖြစ်ကာ လေးရက်ကြာမြင့်ပြီ ဖြစ်ပြီး အစိုးရ အာဏာပိုင်များနှင့်လည်း
တွေ့ဆုံရန် ရှိသည်။
တွေ့ဆုံစဉ်အတွင်း တိုင်းရင်းသားပါတီများဘက်မှ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက် ၍ ဒေသခံများမှာ ငြိမ်းချမ်းရေး လိုချင်နေကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် လိုအပ်နေကြောင်း တင်ပြခဲ့သည်။
“သူတို့အနေနဲ့ ငြိမ်းချမ်းရေးရဖို့ တကယ် စိတ်ဆန္ဒမှ ရှိကြရဲ့လားလို့ သူတို့ သံသယ ဖြစ်နေကြပါတယ်လို့။ တကယ် တမ်း ငြိမ်းချမ်းရေး ယူချင်တယ်ဆိုတာ ထာဝရ ငြိမ်းချမ်းရေးမှ ဟုတ်ရဲ့လား။ တဒင်္ဂ အတိုက်အခိုက် ရပ်စဲဖို့ ကိစ္စလောက်ပဲလားဆိုတာ ကချင်ပြည်သူတွေရဲ့ တကယ့်ရင်ထဲမှာ ခံစားနေရတဲ့ကိစ္စ ဖြစ်နေပါတယ်။ အဲဒါကြောင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ကြိုးစားကြဖို့ လုံးပန်းကြဖို့ အရေးကြီးပါလိမ့်မယ်” ဟုပြောဆိုခဲ့ ကြောင်း ဦးဇိုဇမ်က ဆိုသည်။
အစိုးရအနေဖြင့် တန်းတူအခွင့်အရေး သွားနေပြီဟု ဆိုသော်ငြားလည်း အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီး ရာထူးများ တွင် တိုင်းရင်းသားများ မပါဝင်သေးကြောင်းနှင့် ပါဝင်ခွင့် ရရှိရန်အတွက် မြန်မာအစိုးရအား ပြောကြားရန် အတွက် လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
မိုက်ကယ်ပေါ်စနာမှာ နိုဝင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကာ အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။
ယခုခရီးစဉ်မှာ မိုက်ကယ်ပေါ့စနာ၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်ဖြစ်ကာ နံနက် ၁၁ နာရီကလည်း ဒီမိုက ရက်တစ် ခုနှစ်ပါတီနှင့်လည်း နာရီဝက်ကြာ တွေ့ဆုံခဲ့သေးသည်။
အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ - တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) – DPM၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ - UDP၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။
DPM ပါတီအနေဖြင့်မူ လက်ရှိတွင် ပြည်တွင်းစစ်ဖြစ်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေသေးကြောင်း၊ သို့သော် တိုးတက်ပြောင်းလဲလာမှု ရှိနေပြီဟု ယူဆကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နောက် လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့နိုင်ငံမှာ Serious Problem ဖြစ်လာတာ ကြာပြီပေါ့နော်။ အဲဒါအပြင်ကို ပြည်တွင်းစစ် ခေါ်ခေါ်ပေါ့ဗျာလို့။ အဲဒါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာ အတွက်ကြောင့်မို့လို့ အဲဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်။
ပြည်သူလူထုတွေ အများကြီး ဒုက္ခရောက်ပါတယ်လို့” ဟု DPM ပါတီဥက္ကဋ္ဌ ဦးသုဝေက မဇ္စျိမကို ပြောသည်။
ယင်းတွေ့ဆုံမှုအတွင်း အဓိကအားဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးနှင့်
မြန်မာနိုင်ငံတွင်း တာဝန်ခံမှု လွတ်လပ်မှု ဖြစ်ထွန်းရေး၊ စီးပွားရေးတွင် တန်းတူ အခွင့်အရေး ရရှိရေးနှင့် ညီညွတ်မှု ဖြစ်တည်ရေး အတွက် ဆောင်ရွက်ရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်းခုနှစ်ပါတီက တင်ပြခဲ့ သည် ဟု ဆိုသည်။
ယင်းအပြင် တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ကူညီရန်၊ ကမ္ဘာ့ ဘဏ်များမှ ငွေကြေးနှင့် နည်းပညာ အကူအညီများ ရရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
“တရုတ်မှာကျတော့ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အတိုင်း အတာ တခုအနေနဲ့ ဆောင်ရွက်တာ မရှိဘဲနဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးကိုမှ လာပြီးလူ့အခွင့် အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုင်တွယ်တာဖြင့် တော်တော်လေး ဆိုးတယ်ဆိုတဲ့ သဘောမျိုးလေး တွေပေါ့” ဟုတွေ့ဆုံမှုတွင် ပါဝင်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် ဦးကျော်က မဇ္စျိမကို ပြောသည်။
မိုက်ကယ်ပေါ့စနာက စီးပွားရေးပိတ်ဆို့မှုမှာ လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားခြင်း ဖြစ်သည့် အတွက် အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ဖြေလျော့ပေးရန်မှာ အချက်သုံးချက်အပေါ်မူတည်နေကြောင်း လည်း တုံ့ပြန် ခဲ့သည်ဟု သိရသည်။
“သူတို့ရဲ့ အဓိကထားတဲ့ အချက်သုံးချက်ရှိတယ်လို့ ပြောတယ်။ အဲဒီအချက်သုံးချက်ကတော့ နံပါတ် (၁) က
တော့ နိုင်ငံရေးဘောင်ဟာ ဘယ်လောက်ထိ ကျယ်ပြန့်လာသလဲ၊ အဲဒီကျယ်ပြန့်မှုကို သူတို့ သိချင်တယ်။
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့ ကိစ္စပေါ့နော်။ လွှတ်ပေးတဲ့ ကိစ္စကိုလည်း ပြည့်ပြည့်စုံစုံလွှတ်ပေး စေ ချင်တယ်ပေါ့နော်။ နောက်တခုကတော့ ငြိမ်းချမ်းရေးပေါ့နော်။ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွား အောင်” ဟု ဦးသုဝေက ဆိုသည်။