အမေရိကန် ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် လည်ပတ်မည်

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် လည်ပတ်မည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ အမေရိကန်၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချဲလ် နှင့်လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Michael Posner မိုက်ကယ်ပေါ့စနာတို့ မြန်မာပြည်သို့ နိုဝင်ဘာလ ၁ ရက်နေ့တွင်အလည် အပတ်ရောက်ရှိမှာ ဖြစ်သည်။

dasskanddelmischel1

ယခုခရီးစဉ်မှာ မစ္စတာ ဒဲရစ်မစ်ချဲလ်၏ နှစ်လအတွင်း တတိယမြောက် ခရီးစဉ် ဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုတိယဝန်ကြီးလည်းဖြစ်သော မိုက်ကယ်ပေါ့စနာ၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ် သည်။

“မနက်ဖြန် ၁၁ နာရီမှာ သံရုံးမှာ တွေ့ဖို့ ချိန်းထားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ -  NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

ကန်အဆင့်မြင့် အရာရှိများ၏ လေးရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှာဖြစ်သည်။  တွေ့ဆုံမှုတွင် NDF ပါတီနှင့်အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ - တစည၊ ဒီမိုကရက်တစ်ပါတီ -DPM တို့နှင့်လည်း ပါဝင်မည်ဟု သိရသည်။

NDF အနေဖြင့် တွေ့ဆုံမှုအတွင်း တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ သဘောထားအား မေးမြန်းသွားမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကို ကျနော်တို့လည်း ပြောမှာပါ။ ငြိမ်းချမ်းရေးက အရေးကြီးတာကို။ငြိမ်းချမ်း ရေးရမှပဲ စီးပွားရေး ကိစ္စက လုပ်လို့ရမှာကိုး” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်း မေးမြန်း သွားမည်ဟု NDF က ဆိုသည်။

အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံအား တဖက်တွင် စီးပွားရေး ပိတ်ဆို့မှုဆက်ထားကာ တဖက်တွင် တွေ့ဆုံ ဆွေးနွေးရေး ဟူသော မူဝါဒဖြင့် ဆက်ဆံနေခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးနှင့် ပြည်တွင်းစစ်ကြောင့် ဒုက္ခ ရောက်နေသူ များအား နိုင်ငံတကာ အကူအညီများ ထိရောက်စွာပေးပိုင်ခွင့် ပြုလုပ်ရန်တို့ကို ကန့်သတ် ချက်များအဖြစ် အမေရိကန် က ချမှတ်ထားသည်။

 “အမေရိကန်နိုင်ငံက ကိုယ်စားလှယ်တွေ လာပြီးတော့ ထိတွေ့၊ ပြောဆို၊ ဆွေးနွေးသည်နှင့်အမျှ ကျနော်တို့ နိုင်ငံရဲ့ အနေအထား၊ အခြေအနေကို သဘောပေါက်လို့ရှိရင် ဒီဆန်ရှင်ဆိုတဲ့ လမ်းကြောင်းကလည်း တစတစ ပပျောက် သွားလိမ့်မယ်လို့  ယူဆထားပါတယ်” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးဟန်ရွှေက ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြောင်းလဲမှုများ ဖြစ်ပေးနေပြီဖြစ်ကြောင်း တစညအနေဖြင့် လက်ခံထားကာ တွေ့ဆုံမှု အတွင်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာများကို တင်ပြသွားမည်ဟု သိရသည်။

သို့သော် ဒီမိုကရက်တစ်ပါတီ (မြန်မာ) - DPM အနေဖြင့်မူ အစိုးရအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုလုပ်နေ သည်မှာ မှန်ကန်သော်လည်း ကြန့်ကြာမှုများ ရှိနေသေးကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသေးကြောင်းထောက်ပြပြောဆိုသည်။

ကန်အရာရှိများနှင့် တွေ့ဆုံပွဲသို့ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေ တက်ရောက်မည် ဖြစ်ကာ မည်သည့် ကိစ္စရပ်များ ဆွေးနွေး မည်ကို မသိရသေးပေ။

“အပြောင်းအလဲတခုတော့ လုပ်တော့ လုပ်နေတာပဲ။ လုပ်နေပေမယ့် တချို့ကိစ္စတွေမှာလည်း ကြန့်ကြာတယ်။ တချို့ ကိစ္စတွေမှာလည်း ပီပြင်မှု မရှိသေးဘူးပေါ့နော်။ အရင်တုန်းက နိုင်ငံရေးပါတီတွေကလည်း ကိုယ့် အလုပ်သမား သမဂ္ဂနဲ့ ကိုယ် ဖွဲ့နိုင်တယ်ပေါ့နော်။ လယ်သမားအစည်းအရုံးတွေ ဖွဲ့နိုင်တယ်။ အခုက အဲဒီမျိုးတွေ မရှိသေးဘူး။ မရှိသေးဘူး ဆိုတော့ ဒီမိုကရေစီပီပီပြင်ပြင်ကြီးတော့ မရှိသေးဘူး” ဟု DPM ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောဆိုသည်။

ကန်အဆင်မြင့်အရာရှိများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားပြီး မည်သည့်နေ့ရက်တွင် တွေ့ဆုံမည်ဆိုသည်ကိုမူ မသိရသေးကြောင်း “ကျနော်တို့ကို တွေ့မယ်လို့တော့ ပြောထားပြီးပြီ။ ရက်ကတော့ မသတ်မှတ်ရသေးပါဘူး” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

တွေ့ဆုံစဉ်အတွင်း ဒီမိုကရေစီပြောင်းလဲရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနှင့်လူ့အခွင့်အရေးကိစ္စ များကို ထည့်သွင်းပြောဆိုသွားမည်ဟု သိရသည်။

မစ္စတာ ဒဲရစ်မစ်ချဲလ်၏ မြန်မာနိုင်ငံသို့ နောက်ဆုံးအလည်အပတ်ရောက်ခဲ့သည်က အောက်တိုဘာလ ၂၄ရက် နေ့ တွင် ဖြစ်သည်။

Most read this week