စစ်ပြေးဒုက္ခသည်များနှင့် ပြည်တွင်း အိုင်ဒီပီ(ပြည် တွင်း နေရပ် စွန့်ခွာရွှေ့ပြောင်းရသူ) ဒေသတွင် ပုန်းအောင်းနေကြသော ဒုက္ခသည်များအား ကနေဒါ အခြေစိုက် မြန်မာအဖွဲ့အစည်း တခု ဖြစ်သည့် Link အဖွဲ့မှ ရေဒီယိုများ လိုက်လံပေးဝေနေသည်။
ယခုလို ရေဒီယိုများ ကူညီပေးမှသာ မြို့နှင့် အလှမ်းဝေးပြီး တောကျသည့် နေရာတွင် နေထိုင်ကြရသော ဒုက္ခသည်များ အနေဖြင့် ပြင်ပ ဗဟုသုတများ လက်ခံရရှိနိုင်မည် ဖြစ်သည်ဟု Link အဖွဲ့မှ မော်တူမယ်က ပြောသည်။
“သူတို့ သတင်းလေးတွေ နားထောင်ကြမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပလောကနဲ့ အဆက်အသွယ် ရှိဖို့ အဲဒါ အဓိက အချက် တချက်ပေါ့” ဟု ၎င်းက ပြောသည်။
ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းတွင် ရေဒီယို အလုံး ၅၀၊ ကရင်နီ အမှတ် ၂ စခန်းတွင် ၅၆ လုံး၊ ရှမ်း အိုင်ဒီပီဒေသ ၅၀ လုံး၊ ကရင် news generation school ၅၀ လုံးနှင့်Burma Ranger မှ အလုံး ၅၀ ဖြင့် ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ Link အဖွဲ့မှ စတင်ပေးဝေခဲ့သည်။
“ဒုက္ခသည်မှာ နေတယ်ဆိုတော့ ဗဟုသုတတွေ မရှိဘူး။ ဒီရေဒီယိုလေးနဲ့ အသက်ရှင်နိုင်ရင် ကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်လဲဆိုတာ သိရတယ်။ အဲဒီအချက်ကြောင့် ဒီရေဒီယိုလေးကို ရတာ အရမ်းဝမ်းသာတယ်။ ရေဒီယိုပေးတဲ့ Link အဖွဲ့ကို ကျေးဇူးတင်တယ်” ဟု ရေဒီယို လက်ခံရရှိသူ ကရင်နီဒုက္ခသည် အမှတ်၂ စခန်းမှ နေရိုင်းက ပြောသည်။
Link အဖွဲ့မှ ဝေပေးသည့် ရေဒီယို အားလုံးပေါင်း ၃၀၀ ခန့် ရှိပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင်လည်း Link အဖွဲ့မှ ကရင်နီဒုက္ခသည် ကျောင်းသားများကိုလည်း ရေဒီယို ၁၂၈ လုံး ပေးဝေခဲ့ဖူးသည်။
“နောက်ပိုင်းလည်း တခြား သတင်းအချက်အလက် ဝေမျှခြင်း အစီအစဉ်တွေ လုပ်ဖို့ ရှိသေးတယ်” ဟုမော်တူ မယ်က ပြောသည်။
ကနေဒါ အခြေစိုက် မြန်မာနိုင်င်ငံမှ လူငယ် ၃၀ ဦးခန့် စုပေါင်း အလှူငွေ ထည့်ပြီး အိုင်ဒီပီ ဒေသနှင့် ဒုက္ခသည်စခန်းတွင် ပြင်ပ ဗဟုသုတနှင့် သတင်းများ နားထောင်ရန်အတွက် ရေဒီယိုများ ပေးဝေခြင်း ဖြစ်သည်။