ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်ကျောင်းတက် နေကြသော ကျောင်းသားလူငယ်များအကြား စိတ်ကြွ ဆေးများ သုံးစွဲမှု အခြေအနေသိသာထင် ရှားလာပြီး မိဘများ အနေဖြင့်လည်း ဆေးစွဲနေ သော သားသမီးများကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်ရ သည်ဟု သိရသည်။
ယာဘားဆေးပြား ခေါ် (စိတ်ကြွဆေး)များ သုံးစွဲသော ကျောင်းသားများသည် တက္ကသိုလ် ကျောင်းသားများ၊ ဆယ်တန်း ကျောင်းသားများနှင့် အသက် ၁၄ နှစ် အရွယ်သာ ရှိသေးသည့် အလယ်တန်း ကျောင်းသားများပါ သုံးစွဲလာသည်ကို မြင်တွေ့နေရကြောင်း လွိုင်ကော်မြို့ခံ ကျောင်းသားမိဘတို့၏ပြောပြချက်အရ သိရသည်။
ယာဘားဆေး စွဲသည့် “လူငယ်တွေက ဘယ်လောက် ဆိုးရွားလာလဲဆို အမေကိုတော် ပြန်သတ်မယ့်အထိ ဖြစ်နေတယ်” ဟု လွိုင်ကော်မြို့ခံ မိဘတဦးက ပြောသည်။
အာဏာပိုင်တို့ဘက်မှ ပိတ်ပင်တားဆီးမှု များလာသော်လည်း ယာဘားဆေးများသည် ပုံစံအမျိုးမျိုးနှင့် ရောင်းချလျက်ရှိနေပြီး ကျောင်းသားလူငယ်များ အကြား၌ ပီကယ် (သကြားလုံး) ပုံစံဖြင့်ရောင်းချပေး နေသည်ဟု သိရသည်။
“စာမရဘူး ဆိုပြီး ဆေးချကြတော့တာပဲ။ အရင်နှစ်တွေထက် ဒီနှစ်က မူးယစ်ဆေးဝါး သုံးစွဲတယ််ဆိုတာ လူပိုသိများလာတယ်။ အခု ပျက်စီးမှုတွေ များလာပြီ” ဟု လွိုင်ကော်မှ ကျောင်းသားတဦးက ပြောသည်။
“အခုလို မူးယစ်ဆေးဝါး သုံးစွဲလို့ အဓိကက မိသားစုကို ထိခိုက်တယ်။ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးကအစ အကုန်ထိခိုက်နိုင်တယ်။ နောက်ပြီးတော့ လူငယ်တွေရဲ့ ပညာရေးကိုလည်း အများကြီး ထိခိုက်တယ်” ဟု လွိုင်ကော်မြို့မှ ကျောင်းသားမိဘ တဦးက ပြောပါသည်။
ကျောင်းသားများသည် ပညာရေးဘက်ကို မလိုက်နိုင်သည့်အတွက် မူးယစ်ဆေးများကို သုံးစွဲလာသူ ရှိနေသကဲ့သို့ အချို့သော ကျောင်းသားများမှာမူ အပျော်သက်သက် စမ်းကြည့်ရာမှ စွဲသွားကြသည်ဟု ဆိုသည်။
“အရင်က ကျနော် ယာဘား ရှုဖူးတယ်။ ယောကျာင်္းလေးဆိုတော့လည်း သုံးဖူးတယ်။ စွဲသွားအောင်တော့ မသုံးဘူး။ မကောင်းမှန်း ကျနော် သိတယ်လေ။ ဒါမဲ့ စမ်းကြည့်တဲ့ သဘောနဲ့ သုံးတာပါ” ဟု ရာဘ သုံးစွဲဖူးသော လူငယ်တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆို မြို့နယ်တို့တွင် ဘိန်းစိုက်ပျိုးမှုများစတင်ထင်ရှား လာခဲ့ပြီး ဘိန်းစိမ်းနှင့် ဘိန်းဖြူ အသွင််သဏ္ဍာန်ဖြင့် လိုက်လံရောင်းချခဲ့သည်။ ၂၀၀၉ ခုနှစ်မှ စ၍ ယာဘား ဆေးပြား အသွင်ဖြင့် ရောင်းချခဲ့ရာမှ ယခုနောက်ပိုင်း ထိုဆေးပြားများကို သကြားလုံး ပုံစံအဖြစ်ကျောင်းသား လူငယ်များအကြား ရောင်းချပေးနေသည်။