သံဃာတော်များ ဆန္ဒပြခွင့်မပြုရန် ကြံ့ခိုင်ရေးအမတ် တင်ပြ

သံဃာတော်များ ဆန္ဒပြခွင့်မပြုရန် ကြံ့ခိုင်ရေးအမတ် တင်ပြ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။         ။ အထက်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော "ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်" ဥပဒေမူကြမ်း၌  ဗုဒ္ဓဘာသာ သံဃာတော် များကို ဆန္ဒပြခွင့် မပြုသည့် တားမြစ်ချက်ထည့်သွင်း ရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်တဦးက အင်္ဂါနေ့က ထည့်သွင်းဆွေးနွေးသွား ခဲ့သည်ဟု လွှတ်တော် အမတ်များကပြောသည်။

lotdaw97

ဧရာဝတီတိုင်း မဲဆန္ဒနယ် (၆)မှ   အထက်လွှတ်တော် အမတ် ဦးခင်မောင်ရီ (အငြိမ်းစား တိုင်းပညာရေးမှူး) မှ သံဃာတော်များနှင့် လေကြောင်းဌာနများမှ ဝန်ထမ်းများ၊ ရေပေးဝေရေး ဌာနများမှ ဝန်ထမ်းများကိုလည်း ဆန္ဒပြပွဲတွင် မပါဝင်ရန် ဥပဒေဖြင့် ကန့်သတ်သင့်ကြောင်း ဆွေးနွေးသွားခြင်းဖြစ်သည်။

ထို့အပြင် ဆန္ဒပြခွင့်ဥပဒေကို ရေးဆွဲရုံသာ ရေးဆွဲထားပြီး ဥပဒေပြဋ္ဌာန်းမှု မလုပ်သင့်သေးကြောင်းလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၏ အခြားသော အမတ်တဦးကလည်း ဆွေနွေးသွားခဲ့သေးသည်။ ကရင်ပြည်နယ် မဲဆန္ဒနယ် (၅) မှ လွှတ်တော်အမတ် ဦးစောထွန်းမြအောင်က  'အစိုးရ သက်တမ်းနုသေးသည်' ဟူသည့် အကြောင်းပြချက်ဖြင့် ဆန္ဒပြခွင့် မပေးသင့်သေးကြောင်း စောဒက တက်သွားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အတွင်း အတိုက်အခံပါတီ တခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကမူ ဆန္ဒပြခွင့် ဥပဒေမူကြမ်းကို ထောက်ခံသည့် အပြင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ကြိုတင် အကြောင်းကြားရမည့် ကာလကိုပင် လျော့ချစေလိုသည်။

အောက်လွှတ်တော်က စက်တင်ဘာလ အတွင်းက အတည်ပြုပြီးသော ဆန္ဒပြခွင့် ဥပဒေမူကြမ်းတွင် ဆန္ဒပြ လိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ခုနှစ်ရက် ကြိုတင် အကြောင်းကြားရမည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

RNDP ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၀) လွှတ်တော်အမတ် ဦးအုန်းတင်က သုံးရက်သာ ကြိုတင် အကြောင်းကြားစေသင့်သည်ဟု ထည့်သွင်း ဆွေးနွေးသွားသည်။

'ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်း' နှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ၏ ဆွေးနွေးမှု များကို ဥပဒေကြမ်း ကော်မတီမှ စိစစ်ကာ အထက်လွှတ်တော်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။ ဥပဒေကြမ်းကော်မတီမှ သုံးသပ်ချက် ထပ်မံ ထွက်ပေါ်လာ အပြီး လွှတ်တော်အမတ်များမှ ထပ်မံ ဆွေးနွေးကာ ဥပဒေ အဖြစ် အတည်ပြု၊ မပြုကို ဆုံးဖြတ်မည် ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းသည် ပြည်ထဲရေး ဝန်ကြီးဌာနမှ စက်တင်လာလ ၂၇ ရက်နေ့က အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေ မူကြမ်းဖြစ်ပြီး အောက်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေကြမ်းကို အထက် လွှတ်တော်၏ သဘောထားရယူရန် လွှတ်တော်တွင်း တနင်္လာနေ့က ဆွေးနွေးကြခြင်းဖြစ်သည်။

ဥပဒေတွင် အခန်း ရှစ်ခန်းပါဝင်ပြီး ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်မည့်သူ အရေအတွက်၊ ဆန္ဒ ဖေါ်ထုတ်မည့် လမ်းကြောင်း တရားဟောမည်သူ၏ ကိုယ်ရေးရာဇဝင်တို့ကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဟု ပြဋ္ဌာန်း ပါရှိသည်။

"ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်ထက် မပိုသောထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။

Most read this week