တတိယနိုင်ငံသည် အမျိုးသားရေရှည် တည်တံ့ရေး အတွက်မကောင်းဟု US ရောက် သျှမ်းတော်လှန်ရေး သမားဟောင်း တဦးပြော

တတိယနိုင်ငံသည် အမျိုးသားရေရှည် တည်တံ့ရေး အတွက်မကောင်းဟု US ရောက် သျှမ်းတော်လှန်ရေး သမားဟောင်း တဦးပြော
by -
သျှမ်းသံတော်ဆင့်

တတိယနိုင်ငံသည် မြန်မာနိုင်ငံ တိုင်းရင်းသား လူငယ်များတိုးတက်မြင့်မားရေးအတွက်ကောင်း မွန်သော်လည်း အမျိုးသားရေရှည်တည်တံ့ရေး အတွက် မကောင်းဟု  တတိယနိုင်ငံ၌ နှစ် ၂၀ ကျော်ကြာ အခြေချနေထိုင်ခဲ့ဖူးသူသျှမ်းတော်လှန် ရေးသမား ဟောင်းတဦးက ပြောသည်။

“ တတိယနိုင်ငံရောက်ရင် သူများကိုမမှီမှာစိုးလို့ ကြိုးစားရုန်းကန်ကြရတယ်။ ကိုယ်တိုင်အတွက်တော့ တိုးတက် မှုရှိတယ်။ ပညာရေးအတွက် ရပိုင်ခွင့်အတွက် အပြည့်အဝရှိတယ်။ သို့ပေမယ့်အမျိုးသားရေး အတွက် လုံးဝ အချိန်မပေးနိုင်ဘူး။ အဆုံးစွန်ဗျာ ကိုယ့်မိဘကိုတောင် ပြန်လှည့်မကြည့်အား တော့ဘူး ဖြစ်ရတယ်။  ဆိုတော့ လူငယ်တွေအတွက် နိဗ္ဗာန်၊ လူကြီးတွေအတွက် ငရဲလို့ ကျနော်ပြောချင်ပါတယ်။” ဟု ဦးခွန်ဆာခေါင်းဆောင် သည့် သျှမ်းပြည်ညီညွတ်ရေးတပ်မတော်   SUAခေတ်က လက်နက်ကိုင်တော်လှန် ရေး သမားစိုင်းထွန်းအောင် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးသား စိုင်းထွန်းအောင်သည်  ၁၉၉၀ ပြည့်နှစ်ကတည်းက အမေရိကန်ကံစမ်းမဲ ပေါက်၍ တမိသားစုလုံး အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချ နေထိုင်ခဲ့သည်။

“ အမေရိကန်နိုင်ငံမှာ ကျနော်တို့နိုင်ငံကနေ အများဆုံးသွားရောက် အခြေချနေထိုင်တာက ကရင်၊ ပြီးတော့ ချင်း၊ ကချင် ။ သျှမ်းလူမျိုးကတော့အ နည်းဆုံး။ တခြားလူမျိုးနဲ့လည်းသွေးနှောတာများတယ်။ အဲဒါကြောင့် သျှမ်းတွေကို များများ စား စား မမြင်ရဘူး။   US ရောက်ရင်တော့ မျိုးချစ်စိတ်ဓါတ်က ဘာပြောပြော အားနည်း သွားတယ်။ ဒါကြောင့် ရှင်းရှင်း ပြော ရင် တတိယနိုင်ငံကို မသွားစေချင်ဘူး။ ကျနော်တို့မြို့ ရွာမှာဘဲနေပြီး လုပ်ကိုင်စားသောက်ရင် ကျနော်တို့ သျှမ်းပြည်  ကြီး လည်းပျောက်ကွယ်သွားမှာမဟုတ်ဘူး။ အမျိုးသားရေး လုပ်ငန်းလဲ မပြတ်လုပ်ရမယ်။ ကျနော်တောင်မှ ကိုယ့်ရပ်ကိုယ့်ရွာ ပြန် နေဖို့စီစဉ်နေတယ်” ဟု ဆို၏။

အချို့မှာ ထိုင်းနယ်စပ် သို့မဟုတ် မလေးရှားနိုင်ငံဒုက္ခသည်စခန်းမှတဆင့် US ရောက်ကြ၏။ US သို့ သျှမ်း လူမျိုးများ အရောက်နည်းရခြင်း မှာ ထိုင်းနယ်စပ်၌ အခြားလူမျိုးများကဲ့သို့ သီးသန့် ဒုက္ခသည်စခန်းမရှိ၊ ကရင် ၊ ကယားဒုက္ခသည် စခန်းများ၌ သွားရောက်ခိုလှုံ၍ တတိယနိုင်ငံ ကူးခွင့်ရသောသျှမ်းများအနေဖြင့် လည်း တတိယနိုင်ငံမှ ထောက်ခံပေးမည်သူ ၊ ဆွေမျိုးမရှိသဖြင့်သွားခွင့်မရ၊ပယ်ချခံရမှုများသောကြောင့် တတိယ နိုင်ငံ၌ သျှမ်းလူမျိုးအရေအတွက် နည်းရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

“ ဩစထရေးလျမှာနေတဲ့ ကျနော့်တူလေးတယောက်ကတော့ ဩစထရေးလျ အစိုးရကို ‘ထောက်ခံသူမရှိလို့ ဒုက္ခသည်တွေ ကို လက်မခံတဲ့ ဥပဒေ’ ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်တဲ့။ ဒါကြောင့် ဒီနှစ်မှာ ဩစထရေးလျ ကခေါ်မယ့် ဒုက္ခသည် ၄၀၀၀ ကျော် မှာ သျှမ်းတွေ ပါဝင်ရမယ့် အခွင့်အလမ်းများတယ်လို့ သူကပြောတယ်။ ကျနော့်အနေနဲ့တော့ လူငယ်တွေကို တိုး တက်စေချင်တဲ့ဆန္ဒနဲ့ အမေရိကန်ကခေါ်တဲ့ DV  ကံစမ်းမဲကို စွဲစွဲမြဲမြဲထည့်စေချင်တယ်။ သို့ပေမယ့် သျှမ်းအမျိုးသားရေး ကိုကြည့်မယ်ဆိုရင်တော့ တတိယနိုင်ငံမှာ အခြေချ ဖို့ လုံးဝ မကြိုးစားစေချင်ဘူး ” ဟု အကြံပြုပြောဆိုတိုက်တွန်းခဲ့ သေး သည်။

၁၉၆၇  ကတည်းက သျှမ်းပြည်တော်လှန်ရေးလုပ်ငန်းထဲစတင်ဝင်ရောက်ခဲ့သည့် ဦးထွန်းအောင်မှာ ၁၉၉၀ က အမေရိကန် နိုင်ငံမှပေးသော ကံစမ်းမဲပေါက်၍ တမိသားစုလုံး ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လစ် သို့ ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့သည်။  

အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းအခြေချနေထိုင်ခွင့်ရဖို့ ကမ္ဘာတလွှားက စိတ်ဝင်စားသူတွေအတွက် ကံစမ်းမဲ အား တစ်နှစ်တစ်ကြိမ်ဖေါက်ပေးသည်။ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ရွေးချယ်ပွဲအတွက် ယခုလမှ နိုဝင်ဘာလ ၅ ရက်နေ့အထိ လျှောက်လွှာတင်ခွင့်ပေးထားကြောင်းသိရပါသည်။

ဝင်ရောက်လေ့လာလိုပါက-

http://www.voanews.com/burmese/news/--10_06_11_my-news-burma----13130501...
https://www.dvlottery.state.gov/applications.aspx
https://www.dvlottery.state.gov/
http://travel.state.gov/pdf/DV_2013_instructions.pdf

Most read this week