နယူးဒေလီ (မဇ္စျိမ) ။ ။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုတ်နှံမှုတွင် အိန္ဒိယဘက်မှ စွမ်းအင်ကဏ္ဍနှင့် ပတ်သက် ၍ ရင်းနှီးမြှုတ်နှံရန် စိတ်ဝင်စားမှုရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်တွင် ပါဝင်ခဲ့သူ ပဲလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောဆိုသည်။
သမ္မတ၏ ခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပြင် စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်ကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်၍ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယ လုပ်ငန်းရှင်များ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းနှင့် လေကြောင်း လုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံရန် စိတ်ဝင် စားမှုများ ရှိနေပြီး မြန်မာဘက်ကမူ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုတ်နှံကြရန်အတွက်သာ ဆွေးနွေးခဲ့သည်ဟု ဦးထွန်းလွင်က ဆိုသည်။
အိန္ဒိယနိုင်ငံသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ ပဥ္စမမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် ပဲမျိုးစုံကို တနှစ်လျှင် တန်ချိန် တသန်းကျော် တင်ပို့နေရသည်ဟု ပဲလုပ်ငန်းရှင်များ အသင်း၏ကိန်းဂဏန်း များအရ သိရသည်။
နှစ်နိုင်ငံ ရင်းနှီးမြှုတ်နှံမှု အားနည်းရခြင်းမှာ လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်ခြင်းကြောင့် ဖြစ်သည့် အပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း လုံခြံုရေး မတည်ငြိမ်ခြင်းကြောင့်ဟု ဦးထွန်းလွင်က ပြောသည်။
သမ္မတ၏ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးခဲ့မှုများ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး အခက်အခဲများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု အလားအလာများနှင့် ပတ်သက်၍ ဦးထွန်းလွင်ကို မဇ္စျိမ သတင်းထောက် သဲသဲက ဆက်သွယ် မေးမြန်းထားသည်။
သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာဘက် လုပ်ငန်းရှင်တွေနဲ့ အိန္ဒိယနဲ့ ဘာတွေများ ဆွေးနွေး ခဲ့လဲ။
“အိန္ဒိယကတော့ ကျနော်တို့ရဲ့ ရ၀ ရာခိုင်နှုန်းကျော် ဝယ်တဲ့နိုင်ငံလည်း ဖြစ်တယ်ဆိုတော့ ပဲမျိုးတွေနဲ့ နည်းပညာ ဆိုင်ရာတွေ၊ စိုက်ပျိုးမှုပိုင်းမှာ ကျွမ်းကျင်တဲ့ သူတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ဆီက လူတွေကို ပညာသင်ပေးဖို့။ အဲဒီ အချက်တွေ ဆွေးနွေးခဲ့တာပေါ့ ပဲနဲ့ ပတ်သတ်ပြီး ဒီလောက်ပါပဲ။”
နှစ်ဘက်ဆွေးနွေးကြတုန်းက ဘယ်သူတွေပါကြလဲ။ အိန္ဒိယကရော ဘယ်ကုမ္မဏီတွေ လာကြလဲ။
“ကဏ္ဍပေါင်းစုံက အကုန်ပါပါတယ်။ ကျနော်တို့ဘက်က ပါလာတဲ့ ဥက္ကဋ္ဌကြီး ဦးဝင်းအောင်ဆိုလည်း အားလုံး ကို ကိုယ်စားပြု လိုက်လာတာပေါ့။ နောက်ပြီး ဆန်စပါးအသင်းက ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ပဲအသင်းက ကျနော်ပေါ့၊ နောက်ပြီးဆောက်လုပ်ရေး လုပ်ငန်းရှင်ထဲကဆိုရင် ရွှေသံလွင်တို့ အောင်ချမ်းသာ၊ငါးလုပ်ငန်း တို့ က ပါတယ်ပေါ့။”
“ဟိုဘက်က တက်တဲ့သူတွေကလည်း လုပ်ငန်းအစုံပါပဲ။ ပို့ဆောင်ရေးတို့ ဆောက်လုပ်ရေးတို့၊ ပဲနဲ့ ဆန်တို့ အဖွဲ့တွေ လာကြတယ်။ ခန့်မှန်းခြေ လေးငါးဆယ်လောက် ရှိမယ်ထင်တယ်။ စိုက်ပျိုးရေးရောစွမ်းအင်ဘက် ရော အဘက်ဘက် က အပါအဝင်ပေါ့ ကဏ္ဍပေါင်းစုံတော့ ဖြစ်မှာပါ။ ဒီဘက်ကလည်း ဖိတ်ခေါ်ခဲ့တယ်။ သူတို့လည်း စိတ်ဝင်တစားရှိတော့ရှေ့လျှောက်တိုးတက်ဖို့ပဲ ရှိပါတယ်။”
အိန္ဒိယကရော မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ ဘာလုပ်ငန်းတွေမှာ စိတ်ဝင်တစား မေးကြလဲ။
“သူတို့ ဒီမှာဖြစ်နိုင်ရင် မြေဝယ်ပြီး လာပြီး စိုက်ချင်တယ် ကန်ထရိုက် Farming ပေါ့။ အဲဒါမျိုးတွေကို စိတ်ဝင်တစားမေးပြီး ဆွေးနွေး ဖြစ်ကြပါတယ်။”
မြန်မာကရော အိန္ဒိယဘက်နေ ဘယ်လို စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရင်းနှီးမြှုတ်နှံဖို့ ဘာလုပ်ငန်း တွေ စိတ်ဝင်စားလဲ။
“အဓိက ကတော့ အိန္ဒိယမှာ သွားမြှုတ်နှံဖို့ထက် စာရင် ကျနော်တို့ဆီလာပြီး မြှုတ်နှံဖို့ကိုပဲ ဆွေးနွေးခဲ့ကြ တာပါ။ ကျနော်တို့က အိန္ဒိယမှာ မြှုတ်နှံဖို့ကိုတော့ မဆွေးနွေးခဲ့ကြပါဘူး။ ကျနော်တို့ဆီမှာ ရင်းနှီးမြှုတ်နှံဖို့ပဲ ဖိတ်ခေါ်ခဲ့တာပေါ့။”
အိန္ဒိယဘက်က ဘယ်ကဏ္ဍတွေမှာ ပိုရင်းနှီးမြှုတ်နှံဖို့ စိတ်ဝင်စားတာတွေ့ရလဲ။
“ကျနော်ထင်တယ် စွမ်းအင်ဘက်မှာ သူတို့ ပိုစိတ်ဝင်စားပါတယ်။”
စွမ်းအင် ကဏ္ဍမှာရော ရင်းနှီးမြှုတ်နှံဖို့ ကုမ္မဏီတွေက ကမ်းလှမ်းပြောဆိုတာ ရှိလား။
“အဲဒါတွေကတော့ နောက်ပိုင်းမှာ ကျနော်တို့ ဘက်က ဝန်ကြီးဌာနတွေက တာဝန်ရှိတဲ့ ဝန်ကြီးတွေလည်း အားလုံး ဖိတ်ခေါ်ခဲ့ပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေလည်း ဖွင့်ထား ပြီးသွားပြီ။ ဖိတ်ခေါ်ထားခဲ့တာ ဆိုတော့ သူတို့ လာကြမှာပါ။”
တခြား ဘယ်လို စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ အိန္ဒိယ ကုမ္ဗဏီတွေဘက်က စိတ်ဝင်တစားဆွေးနွေးကြလဲ။
“သူတို့ဘက်တော့ ပစ္စည်းအများကြီး ရှိပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မကိုက်ကြဘူး။ သူတို့မှာ သံတို့ တခြား စက်ယန္တရားတွေလည်း ရှိကြတာပဲလေ။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းရော၊ Quality (အရည်အသွေး) အရရော ကျနော်တို့စီက တချို့ပစ္စည်းတွေက ထိုင်းတို့ တရုတ်တို့ တခြားနိုင်ငံကဝယ်ကြ တာပေါ့။ ကုန်သွယ်းရေး တိုးမြှင့် ဖို့ ဆွေးနွေးကြပေမယ့် စျေးနှုန်း ကိုက်ညီတဲ့ ပစ္စည်းလောက်ပဲသွင်းကြတာ ပေါ့။”
သယ်ပို့ဆောင်ရေးကိစ္စတွေမှာ အိန္ဒိယဘက်က ဘယ်လိုမျိုးတွေလုပ်ဖို့ မေးမြန်တာရှိလဲ။
“မေးတဲ့အထဲမှာ လေကြောင်းနဲ့ ပတ်သတ်တာ မေးပါတယ်။ လေကြောင်းလိုင်းတွေ ထပ်ချဲ့ဖို့ပေါ့။ ကျနော်တို့ကဆွေးနွေးတာကတော့ အဓိက ဆွေးနွေးခဲ့တာတော့ လေကြောင်းလိုင်းကလည်း တခုပေါ့။ နောက်တခုက သင်္ဘောနဲ့ သယ်တဲ့ ကိစ္စ တိုးချဲ့သင့်တယ် ဆိုတာတွေလည်း ကျနော်တို့ ဥက္ကဋ္ဌကြီးက ပြန်ဆွေးနွေးခဲ့တာပေါ့။”
မြန်မာဘက်ကရော အိန္ဒိယမှာ စီးပွားရေး လုပ်မယ်ဆိုရင် ဘယ်လို စီးပွားရေး လုပ်ငန်းမျိုးတွေ လုပ်နိုင်မယ် လို့ တွေ့ရလဲ။
“နိုင်ငံအလိုက် ပြောမယ် ဆိုရင် Export ဘက်မှာတော့ ပဲက အများဆုံး ဖြစ်တယ်။ အိန္ဒိယကနေ မြန်မာပြည် ပြန်သွင်း တာ ကတော့ နံပါတ်တစ်ကတော့ ဆေးပေါ့။ ကျန်တာတော့ လျှပ်စစ် ပစ္စည်းတွေနဲ့ သံပြားတို့၊ ဆောက်လုပ်ရေး ပစ္စည်းတွေပေါ့၊ တခြားနိုင်ငံကနေလည်း သွင်းတာရှိတော့ အဲဒီအထဲကနေ စီးပွားရေး လုပ်ငန်းရှင်တွေက အဆင်ပြေ တဲ့ စျေးနဲ့ ကိုက်ညီတာရှိရင် သွင်းကြတာပေါ့။”
နှစ်ဘက် ကုန်သွယ်ကြတဲ့ အထဲမှာ ဘယ်စီးပွားလုပ်ငန်းက အကောင်းဆုံးလဲ။
“အဓိကတော့ ပဲ တင်ပို့တာကတော့ အကောင်းဆုံး ဖြစ်နေတာပေါ့။ ပဲကတော့ မြန်မာနိုင်ငံက ဒုတိယသီးနှံ အနေနဲ့ အများဆုံး စိုက်ကြတယ်။ အိန္ဒိယကလည်း တနှစ်ကို တန် တသန်းကျော် ဝယ်နေတာဆိုတော့ ပဲကတော့ အဓိကပေါ့။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ အဓိကပေါ့။”
အိမ်နီးချင်း နိုင်ငံတွေထဲမှာ ယှဉ်ကြည့်ရင် အိန္ဒိယက Import, Export လုပ်တဲ့နေရာမှာ အမျိုးအရေ အတွက် နည်းသလားလို့။
“နည်းတယ် ဆိုတာက ထိုင်းတို့ တရုတ်တို့နဲ့ နီးစပ်တာကိုး။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာအဲဒီ ဘက်တွေက သာတာပေါ့။ အိန္ဒိယကျတော့ တခါတလေကျတော့ ဝေးတာတွေရှိတော့ သယ်ယူပို့ဆောင်ရေး မှာ အားနည်းချက် ရှိတာပေါ့။ နယ်စပ်ဆိုလည်း နယ်စပ်မှာလည်း ဟိုဘက်က အာသံ သူပုန်တွေရှိတော့ မငြိမ်သက်တော့ နယ်စပ် ဆို လည်း ကုန်သွယ်ရေးကို ထိထိမိမိလုပ်ဖို့က အဟန့်အတားတခု ရှိမယ်လို့ တွေ့ရတယ်လေ။”
အိန္ဒိယနဲ့ ရင်းနှီးမြှုတ်နှံမှုတွေ တိုးလုပ်ဖို့ ဘာတွေ လိုအပ်မယ်ထင်လဲ။
“တခါတလေကျရင်တော့ ငွေရေးကြေးရေး ပေးချေမှု အပိုင်းတွေပေါ့။ ဘဏ်ပိုင်းဆိုင်ရာမှာ တိုက်ရိုက် လုပ်နေတဲ့အခါ အခက်အခဲ ရှိနေတာပေါ့။ နိုင်ငံတကာ sanction ရှိနေတော့လေ။ တချို့အပိုင်းတွေမှာ အခက်အခဲ ရှိတာပေါ့ အဲလောက်ပါပဲ။”
ငွေရေးကြေးရေး ပေးချေတဲ့အခါ ဘယ်လို အခက်အခဲ ဆိုတာကို နမူနာနဲ့ ရှင်းပြပေးပါလား။
“ဥပမာ အမေရိကန်ဒေါ်လာနဲ့ LC ဖွင့်ဝယ်တာတို့ CC လုပ်တဲ့အခါ အိန္ဒိယဘဏ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက် လို့ မရ ဘူးလေ။ အဲဒီအခက်အခဲလေးရှိတာပေါ့။ တခြားနိုင်ငံတွေကနေ ပတ်သွားရတော့ မလိုအပ်ဘဲ စရိတ်တွေမြင့်တာ၊ငွေပေးချေမှုမှာ Sanction ရှိတဲ့အတွက် အခက်အခဲလေးတွေရှိတာပေါ့။ကျန်တာတော့ မရှိပါဘူး။”