ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၂- ၂၀၁၃ဘဏ္ဍာရေး နှစ်အတွက် အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းများကို လွှတ်တော် အမတ်များ ဆွေးနွေးနိုင်ရန် ကြိုတင် ပြင်ဆင်သော အနေဖြင့် အငြိမ်းစား စီးပွားရေး ပါမောက္ခများက အင်္ဂါနေ့တွင်လွှတ်တော်အမတ်များ ကို ဟောပြောကြမှာ ဖြစ်သည်။
ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခများမှ ဆွေးနွေးပို့ချမည့် ဆွေးနွေးပွဲကို နေပြည်တော် သဘင် ခန်းမဆောင်တွင် ကျင်းပမည်ဖြစ်ပြီး အစိုးရ၏ ရသုံးမှန်းချေ ငွေစာရင်း၊ ပြည်တွင်းထုတ်ကုန် ပမာဏ စသည်တို့နှင့် ပတ်သက်ပြီး ဟောပြောမှာ ဖြစ်သည်။
“အဓိက ကတော့ လာမယ့်လွှတ်တော်မှာ ဘတ်ဂျက်နဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေပြောနိုင်ဆို နိုင်ဆွေးနွေးနိုင်အောင်လို့ပေါ့။နားမလည်တာရှိရင်မေးပေါ့ဗျာ။” ဟု အမျိုးသား ဒီမိုကရေစီပါတီမှလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ၏ ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုအစိုးရ၏ ရငွေပမာဏမှာ ၅,၇၈၁. ရ၃၈ ဘီလီယံ ကျပ်ဖြစ်ပြီး သုံးငွေမမာဏမှာ ရ,၉၈၃.၁၈၈ ဘီလီယံကျပ် ဖြစ်နေကာ ရသုံးမှန်းခြေ ငွေစာရင်း လိုငွေပြမှု ပမာဏာမှာ ၂,၂ဝ၁.၄၅ဝ ဘီလီယံ ကျပ်ဖြစ်နေကြာင်း စက်တင်ဘာလအတွင်းက လွှတ်တော်အတွင်း အစီရင်ခံ တင်ပြခဲ့သော် လည်း ထို အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲဖြစ်ခဲ့သည်။
အင်္ဂါနေ့မှ စတင်ကာ တပတ်ကြာပြုလုပ်မည့် ဘတ်ဂျက်ရေးရာနှင့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲကို စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခများ ဖြစ်သည့် ဒေါ်ညွန့်ညွန့်ဆွေ၊ ဒေါ်ဆင်းသိင်္ဂီ၊ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ဒေါ်ရီရီသန်း၊ ဒေါ်ခင်ဆွေမြင့်၊ ဒေါက်တာကံဇော် တို့မှ ဆွေးနွေး တင်ပြကြမည် ဖြစ်သည်။
ဆွေးနွေးပွဲများကို နေ့လည် တနာရီမှစတင်ကာ ညနေ ငါးနာရီအထိ ကျင်းပမည် ဖြစ်ပြီး အထက်လွှတ်တော်နှင့်
အောက်လွှတ်တော် အမတ်များအားလုံး တက်ရောက်ကြရန် လွှတ်တော်ရုံးမှ ဖိတ်ကြားထားသည်ဟု လွှတ်တော် အမတ်များက ပြောသည်။
အောက်တိုဘာ ၈ ရက်နေ့ကစတင်၍ နားထားခဲ့သော ဒုတိယအကြိမ်မြောက် အထက်လွှတ်တော်နှင့် အောက် လွှတ်တော် အစည်းအဝေးများကို တနင်္လာနေ့တွင် ပြန်လည် စတင်သည်။