ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး

ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး
by -
မင်းသုတ

မင်းသုတ – ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ-၁၂) ရက်နေ့ မြန်မာအစိုးရ ၏လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၅၉ လွှတ်ပေးခဲ့ရာတွင် ထင်ရှားသော မွန် နိုင်ငံ ရေးအကျဉ်းသားများမပါဝင်ကြောင်းသိရ သည်။

5-Mon-Presoner-300x173
“နိုင်ယက္ခ မလွတ်မြောက်သေးတာ သေချာတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP မှ တွဲဖက်အတွင်းရေးမှူး- ကိုဘိုကြည်က ပြောသည်။

မင်းနေဝင်း(ခေါ်) နိုင်ယက္ခသည်အင်းစိန်ထောင်တွင် ထောင်ဒဏ်တစ်သက်ကျခံနေရဆဲဖြစ်သည်။

ထို့အတူ နိုင်ယက္ခ အမှုတွဲတွင်အတူကျခံနေရသူ မင်းမျိုးသွေးသည်လည်း ယမန်နှစ်တွင်အင်းစိန်ထောင် မှတဆင့် သာယာဝတီထောင်သို့ပြောင်းရွေ့ကာထောင်ဒဏ်တစ်သက်ကျခံ နေရဆဲဖြစ်သည်။

“မင်းမျိုးသွေး လွတ်ခဲ့မယ်ဆိုရင် တရွာလုံးသိမှာပါ၊ ခုထိဘာထူးခြားချက်မှမရှိသေးပါ” ဟု၄င်း၏ဇာတိဖြစ် သည့် သံဖြူဇရပ်မြို့နယ်၊ ပငရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းနေဝင်း(ခေါ်) နိုင်ယက္ခနှင့် ဗိုလ်ကြီးမင်းမျိုးသွေး တို့နှစ်ဦးအား ရန်ကုန်မြို့တနေရာ၌ ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၃ – ခုနှစ်တွင်မြန်မာစစ်အစိုးရထောက်လှမ်း ရေးတို့၏ အကွက်ဆင်ဖမ်းဆီးခြင်းကိုခံခဲ့ကြရပြီး ဗုံးခွဲရန်ကြံစည်သည်ဟုစွပ်စွဲကာထိုစဉ်ကသေဒဏ်ချ မှတ်ခံခဲ့ရသည်။

ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် မွန်ရဟန်းပျိူ အရှင်ဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ်လွတ်မြောက်သည့် သတင်း မတွေ့ရှိရပေ။

ဦးဇင်းဇော်လတ်သည် NO 2010 လှုပ်ရှားမှုဖြင့် ထောင်(၁၅) နှစ်ချမှတ်ခံနေရပြီး အင်းစိန်ထောင်မှတဆင့် ပုသိမ်ထောင်သို့ပြောင်းရွေ့ အကျဉ်းကျခံနေရသည်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်နှင့် မင်းဇေယျာတို့သည် လည်း ရပ်ဝေးထောင်များတွင် ဆက်လက်အကျဉ်းကျခံနေရသည်။

“အာဏာက အစိုးရလက်ထဲမှာပဲလေ၊ သူတို့လွှတ်ပေးမှလွတ်နိုင်မယ်၊ ဟိုတခါက အကျဉ်းသားတစ်သောင် ကျော်လွှတ်ပေးတာ နိုင်ငံရေးအကျဉ်းသားနည်းနည်းပဲ ပါလာတယ်၊” ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မင်းဇေယျာ၏ညီမဖြစ်သူတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်ထုတ်ပြန်ခဲ့ရာ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပထမအကြိမ်အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကိုလည်း ထောင်ဒဏ်တသက်တကျွန်း ပြောင်းလဲချမှတ်ခဲ့သည်။

ယခုသမ္မတဦးသိန်းစိန်၏ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၆၃၅၉ ယောက် လွှတ်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာပါ၀င်နေ ကြောင်း နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှသတင်းထုတ်ပြန်ထား သည်။