အိုင်ဒီပီ ကလေးများ ပါးသိရောင်ရောဂါဝေဒနာ ခံစားနေရ

အိုင်ဒီပီ ကလေးများ ပါးသိရောင်ရောဂါဝေဒနာ ခံစားနေရ
by -
KnHD

ကရင်နီပြည်နယ် ဖာဆောင်းမြို့နယ်အတွင်းရှိ အိုင်ဒီပီဒေသ ဘယ်ခီးကျေးရွာတွင် အသက် ၁၅ နှစ်အောက် ကလေး ၁၀ ယောက်ကျော် ပါးသိရောင်ရောဂါ ဝေဒနာ ခံစားနေရသည်။

“ဒီပတ်ထဲမှာပဲ စဖြစ်တယ်။ နားအောက်က ပါးသိ ရုတ်တရက် ရောင်လာပြီး ကိုယ်ပူ တက်တယ်။ တချို့က တဖက်ပဲ ရောင်တယ်။ တချို့က နှစ်ဖက်လုံး ရောင်တယ်။ အန္တရာယ်တော့ သိပ်မရှိပါဘူး။ အပူ မြင့်တဲ့ ကလေး တက်မှာ တခုပဲ စိုးရိမ်ရတယ်” ဟု ဖာဆောင်းမြို့နယ်မှ ကျန်းမာရေး ကြီးကြပ်ရေးမှူး ဆေးမှူး ဖိလစ်က ပြောသည်။

idp_kdrg_1ပါးသိရောင် ရောဂါဟာ ရောဂါ ဖြစ်ပွားသူများ၏ အသက်ရှူ လမ်းကြောင်းမှတဆင့် သို့မဟုတ် တံတွေးတို့နှင့် တိုက်ရိုက် ထိတွေ့ခြင်းဖြင့် လွယ်ကူစွာ ကူးစက်ပြီး ၁ဝ ရက် ကျော်ကြာ ဖြစ်ပွားနိုင်သည်ဟု ဆေးမှူးက ပြောသည်။

ယခုလောလောဆယ်တွင် ပါသိရောင်ရောဂါ ခံစားနေရသူများကို ဆေးမှူးများက အပူကျဆေး ပေးနိုင်သည်မှ လွဲ၍ ကုသမှု မပြုနိုင်သော်လည်း နောက်ဆက်တွဲ ရောဂါ မဖြစ်ပွားစေရန် ပြုစုပေးခြင်း၊ ပညာပေးခြင်း၊ လူနာများကို သီးသန့်ထားခြင်းတို့ကို ပြုလုပ်ပေးနေသည်။

ယခုနှစ်အတွင်း အိုင်ဒီပီ ဒေသများတွင် တုပ်ကွေးရောဂါ၊ မျက်စိနာရောဂါ၊ ကြက်ညာချောင်းဆိုးရောဂါနှင့် ပါးသိ ရောင်ရောဂါ စသည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားကူးစက်ရောဂါ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

“ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါက အရင်နှစ်ထက် ဒီနှစ်ကပိုအဖြစ်များတယ်။ ဝမ်းရောဂါ၊ အရေပြားရောဂါ အဖြစ်များတယ်” ဟု ဆေးမှူးက ပြောသည်။

ဘယ်ခီးရွာတွင် အိမ်ခြေ ၄၈ အိမ်နှင့် ရွာသူရွာသား လူဦးရေ ၂၆၈ ဦး ရှိသည်။ အမှတ် ၂ ခရိုင် အိုင်ဒီပီဒေသတွင် တောတွင်း၌ တိမ်းရှောင်ပုန်းအောင်းနေလျက်ရှိသော (နိုင်ငံတွင်း အခြေမဲ့ လှည့်လည်နေထိုင်သူများ) အိုင်ဒီပီ လူဦရေပေါင်း ၈၇ဝဝ ကျော် ရှိသည်ဟု သိရသည်။

Most read this week