နယူးဒေလီ(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ရွှေသဘာဝဓါတ်ငွေ့ တူးဖော်ရေးစီမံကိန်းကိုလည်း ဧရာဝတီမြစ်ဆုံရေကာတာ ကဲ့သို့ရပ်တန့်ဆိုင်းငံ့ ပေးစေလိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ သဘာဝ ဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ တောင်းဆို လိုက်သည်။
“မြန်မာပြည်တွင် အနောက်ဘက်ကမ်းလွန်ရှိ ရွှေဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ လိုက်ခြင်းသည် ပြည်တွင်း၌ စွမ်းအင် လောင်စာ ပြတ်လတ်မှုမှာ နာလံမထူနိုင်လောက် အောင် ပိုမို ဆိုးရွား သွားစေလိမ့်မည်။"ဟု သောကြာနေ့ထုတ် တောင်းဆိုချက်တွင် ဖော်ပြထားသည်။
"ဤသဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှ မြန်မာအစိုးရသည် ခန့်မှန်းခြေ ပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံခန့် ရရှိသွားမည် ဖြစ်သော်လည်း ထိုဘဏ္ဍာငွေကြေးများကို လူမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုလိမ့်မည် မဟုတ်ချေ။ အဆိုပါ ငွေကြေးများကိုလည်း နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းထဲက ချန်လှန် ထားမည်ဖြစ်ပြီး လက်တဆုပ်စာ အစိုးရ အသိုက်အဝန်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ပေလိမ့်မည်” ဟု ပါရှိသည်။
သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု စိုးရိမ်ပြီး ကန့်ကွက်ခံရသော ဧရာဝတီမြစ်ဖျားရှိ တရုတ်နိုင်ငံပိုင် China Power Investment ကုမ္ပဏီက တည်ဆောက်ရန် တရုတ်နှင့်မြန်မာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော ဒေါ်လာ ၃.၆ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံဆည် တည်ဆောက်မှုကို သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်နားထားမှု ထွက်ပေါ်လာပြီးနောက် ရွှေဂတ်စ်လှုပ်ရှားသူများကလည်း အလားတူရလာဒ်မျိုး လိုလားနေကြသည်။
၂ဝဝ၉ခုနှစ် အောက်တိုဘာလမှ စတင် အကောင်အထည်ဖော်ခဲ့သည့် ရွှေဂတ်စ် စီမံကိန်းအတွင်း အာရှတွင် အကြီးဆုံး ဖြစ်လာမည့် အထူးစီးပွားရေးဇုံလည်း ပါဝင်ပြီး ဒေါ်လာဘီလီယံ ၂၀ ကုန်ကျမည့် ကျောက်ဖြူ- မူဆယ် လျှပ်စစ် ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်လည်း ပါဝင်သည်။
ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ သာဘာဝ ဓာတ်ငွေ့များကို ပင်လယ် ရေအောက်ပိုက်လိုင်း မှတဆင့်ကျောက်ဖြူမြို့သို့ သယ်ယူမည့် လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မဒေးကျွန်း ရေနက်ဆိပ် ကမ်းမှာမူ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့မှ ခန့်မှန်းထား
သည်။
အဆိုပါ လုပ်ကွက်နှစ်ခုမှ ခန့်မှန်းကုဗပေ ၄.၅ ထြီလီလျံ မှ ရ.၇ ထြီလီလျံထိ ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂ဝ၁၃ ခုနှစ်မှနှစ်ပေါင်း ၃ဝ ခန့်အတွင်း ရောင်းချရာမှ ဒေါ်လာ ၂၉ ဘီလီယံ ခန့် ရရှိမည်ဖြစ်သည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပူးတွဲပိုက်လိုင်း သွယ်တန်းမှုများကို ၂ဝ၁၃ ခုနှစ် တွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကာ ကုန်စည်များ ပို့ဆောင် သယ်ယူရေး အတွက် လျှပ်စစ်ရထားလမ်း
ဖောက်လုပ်မှု ကိုမူ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမှာဖြစ်သည်။
စီမံကိန်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အရှေ့တောင်ဖက် ခြောက်မိုင်ခန့်အကွာရှိ မဒေးကျွန်းရေနက်ဆိပ်ကမ်းတွင်် ပင်လယ်ကူး ရေနံတင် သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်ရေး အတွက် ဇင်ချောင်းကျေးရွာအနီးရှိ ရေအောက် သတ္တဝါများ အဓိက မှီခိုအားထားရာ သုံးမိုင် နီးပါးမျှ ရှည်လျှားသော သန္တာကျောက်တန်းကြီးကိုလည်း ပြီးခဲ့သည့် မေလအတွင်းက ဒေဝူးကုမ္ပဏီမှ မိုင်းခွဲ ဖျက်ဆီးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက်နရိဥ္စရာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအခြေစိုက် ရွှေဂတ် လှုပ်ရှားမှု တာဝန်ခံ ကိုဝမ်းအောင်က “လူထုတွေနဲ့ ပတ်သက်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ၊ လူထုအခြေပြု လေ့လာ ဆန်းစစ်မှုတွေကို လူထုတွေကြားမှာ ဘယ်လောက်ထိ ထိခိုင်နစ်နာမှုတွေရှိ လာနိုင်တယ်။ ဘယ်လောက်ထိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်
ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်၊ နောက်ဒီဟာကရတဲ့ အကျိုးအမြတ်တွေက ဘယ်လောက်ထိရှိတယ် ဒေသခံတွေက ဘယ်လောက်ထိ ခံစားရမယ်ဆိုတဲ့ဟာတွေကို တစုံတခုထိ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်” ဟုလည်း ဆိုသည်။
အရှေ့တောင် အာရှတွင် အကြီးဆုံးဖြစ်သည့် သဘာဝဓာတ်ငွေ့ ၂၀၀ ဘီလီယံ ကုဗမီတာ ထွက်ရှိမည့် မြန်မာနိုင်ငံ၏ အနောက်ဖက် ကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ ရွှေဂတ်စ်လုပ်ကွက်များကို ၂ဝဝ၃ခုနှစ်နှစ် ကုန်ပိုင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၈၀၀ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သွယ်တန်း ယူဆောင်မည်ဖြစ်သည်။ ကျောက်ဖြူနှင့် ကျောက်ဖြူမဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်း တခုတည်း တန်ဖိုးပင်လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၅၀၀ ကျော် ရှိသည်။
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့လာမည့် ရေနံများကို ကျောက်ဖြူ မဒေးဆိပ် ကမ်းမှတဆင့် မင်းဘူး- မန္တလေး- ကုတ်ထပ်- ကျောက်မဲ- သီပေါ- လားရှိုး- ကွတ်ခိုင် ၁ဝ၅မိုင်လမ်းခွဲ- မူဆယ်မှတဆင့် တရုတ်နိုင်ငံ ကြူကုတ်မြို့သို့ သွယ်တန်းမည်ဖြစ်သည်။ ထိုမှတဆင့် ရွှေလီမြို့အရှေ့တောင်ဘက်၁၂ ကီလိုမီတာ အကွာအဝေးရှိ ဝမ်တိန်မြို့နယ်ခွဲသို့ ဆက်သွယ်ကာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ ယူဆောင်မည် ဖြစ်သည်။
ပိုက်လိုင်း သွယ်တန်းမည့် လမ်းတလျှောက်ရှိ ကချင်ပြည်နယ်နှင့်ရှိ ရှမ်းပြည်နယ်တွင်း ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အတွက် တိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲများကို ဖယ်ရှား ရှင်းလင်းနိုင်ရန်အတွက် မြန်မာ စစ်တပ်က၂ဝ၁၁ ခု၊ မတ်လ ကတည်းကပင် ထိုးစစ်ကြီးများ ပြင်းပြင်းထန်ထန် ဆင်နွဲလာခဲ့ရာ တိုက်ပွဲများကြောင့် ခန့်မှန်းခြေဒေသခံ ပြည်သူ ၅ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ရွှေဂတ်စ် တောင်းဆိုချက်တွင် ဖော်ပြထားသည်။
အဆိုပါစီမံကိန်းများကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကုမ္ပဏီနှင့် တောင်ကိုးရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီ အိန္ဒိယမှ ONGC Videsh ကုမ္ပဏီ၊ GasAuthority of India-GAIL၊တို့က လုပ်ဆောင်နေသည်။
အလုပ်သမား ရှာဖွေရေး၊ သဲ၊ ကျောက်နှင့်ပိုက်လိုင်း သယ်ဆောင်ရေးတို့အတွက် လက်ခွဲ စာချုပ်များကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် သန္တာနဂါး၊ ပြည်တော်စည်၊ အေးရှားဝေါ၊ မြန်မာရွှေသရဖူတို့က ရရှိထားကြောင်း စတင်ဘာ ၆ ရက်နေ့ ကထုတ်ပြန်သည့် “Sold Out” ခေါ် “အကုန်ရောင်းတဲ့ မူဝါဒ” အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ပြည်သူတွေအကုန်လုံးနဲ့လည်း သက်ဆိုင်တဲ့ အကျိုးစီးပွား ဖြစ်နေတယ်လေ။ အဲဒီလို အကျိုးစီးပွားကို ဒီဘက်ကပြည်သူတွေကလည်း ဘာမှခံစားခွင့်မရဘဲ အဲဒီပုံစံမျိုး သူတို့က လက်လွတ်စပယ် လုပ်တာကိုတော့ ကျနော်တို့လဲ အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု လွှတ်တော်ဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြကျော်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာလည်း အဆိုပါ စီမံကိန်းကြောင့် စစ်တပ်နှင့် ရဲတို့၏အဓမ္မခိုင်းစေခံ ရခြင်း၊ လယ်မြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူခြင်းများ၊ အတင်းအားဓမ္မအိမ်ယာမြေ များကို ရွှေ့ပြောင်းစေခြင်းများ ပြုလုပ်နေကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။