မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု တရုတ်ကုမ္ပဏီပြော

မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု တရုတ်ကုမ္ပဏီပြော
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ် မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေ ကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု စီမံကိန်းတွင် အဓိကရင်းနှီး  မြှုပ်နှံထားသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က တနင်္လာနေ့က သတိပေး ပြောကြားထားသည်။

သမ္မတသစ်အဖြစ် တာဝန်မထမ်းဆောင်မီ နှစ်လအလို စစ်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေစဉ်ဖေဖော်ဝါရီလ အတွင်းက မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ခဲ့စဉ် စီမံကိန်းတည်ဆောက်မှု များကို အရှိန်မြှင့် ရန် ပြောခဲ့သေးသဖြင့် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု China Power Investment Corporation ဥက္ကဋ္ဌ မစ္စတာ LU Qizhou က တရုတ်နိုင်ငံပိုင် ဆင်ဝှာသတင်းသို့ ပြောခြင်း ဖြစ်သည်။

မစ္စတာ LU Qizhou ၏ ပြောကြားချက်ကို ဆင်ဝှာသတင်းက ကိုးကားထားရာတွင် “ကျနော်တော့ တကယ့်ကို အံ့သြသွားတာ” ဟု ပါရှိသည်။ "အခုလို စီမံကိန်းကို ရွှေ့ဆိုင်းထားမယ်လို့ ကြေညာလိုက်တဲ့ အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေကြောင်းအရ ဆက်သွား ရမှာပေါ့” ဟုလည်းရေးသားထားသည်။

myitsoneရင်းနှီးမြှုပ်နှံငွေ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ရှိပြီး ၂၀၁၉ တွင် အပြီးလျာထားသည့် BOT စနစ် အကျိုးတူ မြစ်ဆုံစီမံကိန်းကို “၂၀၀၆ ခု ဒီဇင်ဘာတွင် CPI နဲ့ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဌာနတို့ အကြား ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာ၊ ၂ဝဝ၉ ခု မတ်လ နှစ်နိုင်ငံ အစိုးရအကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘော တူညီချက်တွေအရ CPI က လုပ်ပိုင် ခွင့်ရှိနေတာပါ” ဟု သူက ဆက်ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီလည်း ပါဝင်သည့် စီမံကိန်းအတွက် ဥပဒေကြောင်းအရ လိုအပ်သည့် အကျိုးတူ စီးပွားရေး အကျိုးအမြတ်နှင့် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုချက်များ၊ တရားသူကြီးများ၏ မှတ်ချက်နှင့် သဘောတူ ခံဝန်ချက်များလည်း ရှိနေသည်ဟု CPI ဥက္ကဋ္ဌက အတိအလင်း ထည့်ပြောထားသည်။

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ် ဆုံးရှုံးရပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် လယ်ယာများလည်း ပင်လယ်ရေငံဝင်ကာ ပျက်စီးမည့် အန္တရာယ် ရှိနေသဖြင့် လူထုလူတန်းစား အသီးသီးက ကန့်ကွက်နေကြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီမြစ်ကို ထိန်းသိမ်းခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း သာမက၊ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု အမွေနှစ်ကို စောင့်ရှောက်ခြင်းလည်း မည်ပါသည်” ဟု ၂ဝ၁၁ ခု သြဂုတ်လက ပန်ကြားခဲ့သည်။

CPI က နှစ် ၅ဝ စီမံလုပ်ကိုင်ခွင့်ရထားသည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ အထက်ပိုင်းအပေါ် သက်ရောက် မှုကို CPI က အကုန်ကျခံပြီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ဆိုင်ရာ လေ့လာဒီဇိုင်းရေးဆွဲသည့် Changjiang Institute အပါဝင် နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်တို့က တိုင်းထွာလေ့လာခဲ့ကြ သည်။

“ရေလွှမ်းမယ့် ဧရိယာက ဧရာဝတီမြစ်ညှာတခုလုံးရဲ့ ၁.၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ စိုက်ပျိုးဧရိယာကလည်း နည်းနည်းလေးပါ။ ဇီဝမျိုးကွဲတွေလည်း မထိခိုက်နိုင်ပါဘူး။ မြန်မာလျှပ်စစ် ဝန်ကြီးဌာနကလည်း ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီးတော့ လက်ခံထားပြီး ဖြစ်ပါတယ်” ဟု မစ္စတာ LU Qizhou က ဆက်ပြောသည်။

နိုင်ငံတကာ မြစ်ချောင်းများ ကာကွယ်ရေး အန်ဂျီအိုအဖွဲ့ International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံတဦးဖြစ်သူ မစ္စတာ ဖီယန်ဖွန် ဒီထက်စ် Pianporn Deetes ကမူ မြစ်ဆုံဆည် တခုတည်းကို ပြော၍ မရဘဲ ဧရာဝတီမြစ်ညှာရှိ အခြား စီမံကိန်းများလည်း ရှိသေးသည်ဟု ဆိုသည်။ ဧရာဝတီမြစ်သည် မြောက်ပိုင်းကချင်ပြည် နယ်မှ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ မှီတင်းနေထိုင်သူ အားလုံး၏ ဘဝပင် ဖြစ်သည်ဟု ဆိုသည်။

“တနိုင်ငံလုံး အားထားရတဲ့ ဆန်စပါး အဓိကထွက်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ထိခိုက်မှာ အရေးတကြီး စိုးရိမ်စရာပါပဲ။ ပြီးတော့ ဆည်တမံကြောင့် ငါးနဲ့ ရေသတ္တဝါတွေရဲ့ ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းတွေလည်း ပိတ်သွားမှာပါ” ဟု မစ္စတာ ဖီယန်ဖွန် ဒီထက်စ်က မဇ္စျိမကို ပြောသည်။

ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအနက် စက်တပ်ဆင်အား မဂ္ဂါဝပ် ၆,၀၀၀ဖြင့် အကြီးဆုံး မြစ်ဆုံ စီမံကိန်း တည်ဆောက်မှုသည် ၁၀ ရာခိုင်နှုန်းပြီးနေပြီဟု လွှတ်တော်တွင်း တရားဝင် ပြောဆို ချက်များအရ သိရသည်။

ယင်းစီမံကိန်းများ လည်ပတ်လျင် မြန်မာအနေဖြင့် အခွန်ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ သန်း ၅,၄၀၀ ရရှိပြီး လျှပ်စစ် အခမဲ့ရနိုင်မည်ဟု CPI ဥက္ကဋ္ဌက ပြောသည်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းကို မဖြစ်မနေ ဆက်လုပ်မည်ဟု စက်တင်ဘာ ၁ဝ ရက်နေ့က ပြောကြားခဲ့ပြီးနောက် ကန့်ကွက်သူများအကြား ဝေဖန်မှုများကြီး ထွားလာပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ရာ CPI ဥက္ကဋ္ဌ လည်းတက်ရောက်ပြီး စာတမ်းတစောင် ဖတ်ကြားသွားသေးသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးဦးဇော်မင်းက စီမံကိန်း အကျိုးဆက်နှင့် ပတ်သက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အထိ မလေ့လာရသေးကြောင်း ဝန်ခံသွားပြီး သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုစံ အဖြစ် အသုံးပြုနိုင်မည့် “သဘာဝ ပတ်ဝန်းကျင် ဥပဒေ” မရှိသေးသဖြင့် လေ့လာချက်များ မပြည့်စုံ နိုင်ကြောင်း ပြောဆိုသည်။

International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံ Pianporn Deetes ကလည်း မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတခု စတင်ရေးဆွဲရန် လိုအပ်နေကြောင်း သဘောတူသော်လည်း ဧရာဝတီမြစ်ညှာ စီမံကိန်းများ၏ အချက်အလက်များကို လူထုအား ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်သည် ဟု ဆိုသည်။

“စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးတော့ နှစ်နိုင်ငံအစိုးရ တရုတ်ကုမ္ပဏီတွေနဲ့ နောက်ကွယ်မှာ ကြိတ်ပြီး ညှိနှိုင်းတာမျိုး မဖြစ်စေလိုပါဘူး။ လုပ်ငန်းစဉ် အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး စီမံကိန်း ဆိုးကျိုးကို ခံရမယ့် သူတွေအတွက် တာဝန်ခံတာကို မြင်တွေ့လိုပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဝှမ်းပေါ်၌ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခုကို အကောင်အထည် ဖော်နေရာမြစ်ဆုံစီမံကိန်းသည် စက်တပ်ဆင်အား ၆,၀၀၀ မဂ္ဂါဝပ်ဖြင့် အကြီးဆုံးဖြစ်ပြီး ထာခ စီမံကိန်းသည် ၆ မဂ္ဂါဝပ်ဖြင့် အသေးဆုံး ဖြစ်သည်။ စီမံကိန်း ၁၈ ခုပေါင်းလျင် စက်တပ်ဆင် အား ၂၀,၇၆၀ မဂ္ဂါဝပ်ရှိ ကြောင်း ၂၀၁၁ နှစ်ဆန်းပိုင်း တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။

Most read this week