သျှမ်းပြည် (မြောက်ပိုင်း)ရှိ လားရှိုးထောင်နှင့် နယ်စပ် မြို့များရှိ အချုပ်များအတွင်း ရာဇဝတ်မှုဖြင့် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသားစာရင်းကို အာဏာပိုင်များကယခုရက်ပိုင်းအတွင်းလိုက် လံ ကောက်ခံနေ ကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလကုန်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ဖို့ရှိ ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆိုပြီးနောက် အကျဉ်းသားစာရင်းကောက်ခံ နေခြင်းဖြစ်သည်။
“ဒါမျိုးလွှတ်တော့မယ်ဆိုရင်တော့ ထောင်အတွင်းမှာရှိတဲ့ ရာဇဝတ်သားစာရင်းတို့ မလုံလောက်ဘူးဆိုရင် နယ်တွေမှာရှိတဲ့ ရဲစခန်းအချုပ်တွေရောပေါ့။ အမှုစီရင်ချက်မကျသေးတဲ့ရာဇဝတ်သားတွေလည်းပါတယ် ။ လားရှိုးထောင်အပြင် နယ်ဘက်အချုပ်တွေမှာပါ လိုက်ကောက်နေတာ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နအဖစစ်အစိုးရလက်ထက်က အကျဉ်းသားထောင်ပေါင်းများစွာ လွှတ်ပေးခဲ့ရာ အများစုမှာ ရာဇဝတ် အကျဉ်း သားများဖြစ်ပြီး နိုင်ငံရေးယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ဦးရေ ၁၀ ဂဏန်းခန့်သာပါ၀င် ကြောင်းသိရ သည်။
လွှတ်ပေးသည့် အထဲပါ၀င်သည့် ရာဇဝတ်အကျဉ်းသားများသည် သျှမ်းပြည် (မြောက်ပိုင်း)နှင့် နယ်မြေခြင်း ထိစပ်နေသည့် တရုတ်နယ်စပ်ဒေသများတွင် ဒုစရိုက်မှုများ ပြန်လည် ကျူးလွန်ကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။
“ခိုးဆိုးတိုက်ခိုက်နေတဲ့ လူတွေ နာမည်ကြီးလူဆိုးတွေ လူမှောင်ခိုသမားတွေ လွတ်လိုက်တာပဲ။ ၂၀၀၈ ခုနှစ် က တရုတ်နယ် စပ် ပြည်သူတွေနဲ့ မူစယ်ရဲတပ်ဖွဲ့ လူကုန်ကူးအထူးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ လူမှောင်ခို ဂိုဏ်း ၃ ဂိုဏ်း အရင်တစ်ခေါက် ထောင်ကပြန်လွတ်လာတဲ့အထဲပါလာတယ်။လွှတ်ပြီဟေ့ဆို တာနဲ့ တရုတ် ပြည်ထဲမှာနယ်စပ်တစ်ကြောမှာ လုယက်မှုတွေ ဓါးထောက်မှုတွေ ငွေလဲတန်းမှာဓါးထောက် ပြီးလုယက်မှုတွေ လူကုန်ကူးမှုတွေ ဒါမျိုးတွေ အများကြီးဖြစ်လာတာပဲ” ဟု သူက ဆိုသည်။
လက်ရှိ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားကိစ္စကို ပြည်သူလူထုနှင့်နိုငံတကာက တောင်းဆိုနေသည့် အတိုင်း တိတိကျကျမဖြေရှင်းပဲ Sanction ပြန်ဖွင့်ရေး၊ အာစီယံဥက္ကဋ္ဌဖြစ်ရေး၊ အများအမြင်ကောင်းစေရေး အတွက်သာ လုပ်မည်ဆိုလျှင် ယခင်အတိုင်း ပြောင်းလဲမှုရှိမည် မဟုတ်ဟုသူကဆက်ပြောသည်။