ရန်ကုန် (မဇ္ဈိမ) ။ ။လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အစိုးရမှ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေသည့် ကိစ္စများကို အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ကဆွေးနွေးခဲ့ ကြသည်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သော ရန်ကုန်မြို့ စိမး်လဲ့ကန် သာ အစိုးရဧည့်ရိပ်သာတွင် ရ၇ မိနစ်ကြာ တွေ့ဆုံဆွေးနွေးအပြီး နှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ထို့အပြင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက်လည်း ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။ နှစ်ဘက် ဆက်လက်၍ လည်း ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။
မြစ်ဆုံဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသော သမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတို်က်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ပြည်သူရဲ့ အသံကို နားထောင်တယ် ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲလေးလေး နက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျမဒါကို ကြိုဆိုပါတယ်” ဟုသတင်းစာ ဆရာများကို ပြောသွားသည်။
ယနေ့အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်နှစ်ရပ်သို့ သမ္မတဦးသိန်းစိန်က သဝဏ်လွှာ တစောင်ပေးပို့ရာတွင် ပြည်သူအများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခို်က်ပျက်စီးမည့် စိုးရိမ်နေမှု ရှိသည်ကိုထောက်ပြပြီး မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဟု ပါရှိသည်။
တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသော စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆,ဝဝဝ ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။
သမ္မတ၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုမှုများလည်း အင်တာနက်တွင် တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော် အပြင်ဘက် အဓိက အတိုက်အခံ ဖြစ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုမှု ရှိ၊ မရှိဆိုသော အမေးကို လူမှုဝန်ထမ်းဝန်ကြီးလည်းဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။
၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်သို့မဟုတ် အချုပ်အနှောင် ဖြင့် နေခဲ့ရသောနဒါ်အောင်ဆန်းစုကြည် ကတော့ ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။
"ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ် အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။