နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြန်လည် စိစစ်နေသည်ဟု AAPP ပြော

နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြန်လည် စိစစ်နေသည်ဟု AAPP ပြော
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ ) ။       ။ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အရေအတွက် စာရင်းကို ပြန်လည် စိစစ်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ AAPP-B တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“ကျနော်တိုု့လည်း ပြန်ပြီးတော့ သေချာအောင် ကျနော်တို့ Update လုပ်နေတယ်။ ကျနော်တို့ဆီမှာ မပြည့်စုံတာတွေလည်း ရှိပါတယ်။ တချို့ဟာတွေက ဖမ်းတာကို သိတယ်။ ဒါပေမယ့် အဲဒီလူရဲ့ နောက်ဆက်တွဲကို ကျနော်တို့ မရတဲ့အခါမှာ လွတ်သွားသလား မလွတ်သွား ဘူးလားကို စုံစမ်းလို့ မရလို့ တချို့ဟာတွေ ကျနော်တို့ စာရင်းထဲမှာ ရှိနေနိုင်ပါတယ်” ဟု ဦးဘိုကြည်က ပြောသည်။

အစိုးရမှ AAPP-B ၏ စာရင်းကို ပြန်လည်စိစစ်ရာ နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ AAPP-B စာရင်းထက်လျော့နည်းနေသည်ကို တွေ့ရကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က အမေရိကန် နိုင်ငံ သို့ ရောက်ရှိနေစဉ် RFA အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားမှုနှင့် ပတ်သက်၍  မဇ္ဈိမ၏ မေးမြန်းချက်ကို ဦးဘိုကြည်က ဆိုခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဦးကိုကိုလှိုင်က RFA မြန်မာပိုင်းကို ပြောကြားရာတွင် “ထိုင်းနယ်စပ်ရဲ့ ဟိုဘက်မှာရှိနေတဲ့AAPP-B အဖွဲ့တို့ ဘာတို့က ပြုစုထားတဲ့ စာရင်းပေါ့။ တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်စီစစ်တဲ့အခါကျတော့ သူတို့ပြောတဲ့ စာရင်းအတိုင်းလောက်တော့ မရှိတော့ဘူး။ တချို့အတိုင်းအတာ ရှိတယ် ပေါ့နော်။ကျနော် အရေအတွက်တော့ မသိဘူး”ဟု ပါရှိသည်။

“အဲဒီထဲမှာတောင်မှ တချို့သော ပုဂ္ဂိုလ်များသည် အကြမ်းဖက်တဲ့ ဗုံးဖောက်ခွဲမှုတွေ မူးယစ်ဆေးဝါးအမှု လူသတ်မှုစတဲ့ အမှုကြီးတွေနဲ့ ဆက်စပ်နေတဲ့ လူတွေလည်း ဒီစာရင်းထဲ မှာပါနေတယ်။ ရာနဲ့ချီပြီးမှ ပါနေတယ်လို့ ပြောပါတယ်” ဟုလည်း ဆိုသည်။

၂ဝ၁၁ ခု သြဂုတ်လကုန်အထိ နိုင်ငံရေး အကျဉ်းသား ၁၉၉၈ ဦးရှိသည်ဟု AAPP-B က ထုတ်ပြန်ထားသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို ချုပ်နှောင်တဲ့ အခါမှာ ရဲဘက်စခန်းတွေကို ပို့နေတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ လက်လှမ်းမီဖို့ တချို့နေရာတွေမှာ အချိန်တော်တော်လေး ယူရတာ ရှိတယ်။ လက်လှမ်း မမီတာတွေလည်းရှိတယ်” ဟု ဦးဘိုကြည်က မဇ္စျိမကို ပြောသည်။

AAPP-B က အစိုးရ သတင်းစာရှင်းလင်းပွဲများ၊ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ၊ ဌာနဆိုင်ရာများမှ ယခုအရေအတွက်ကို ရထားခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ရာ၌ အစိုးရနှင့် မတူညီကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရှိတယ်။ တိုင်းရင်းသား ပြဿနာတွေ ရှိတယ်။ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားဆိုပြီး သတ်မှတ်တဲ့ အခါမှာ လက်နက်ကိုင် တိုက်ခိုက်ပြီးတော့ အဖမ်းခံရတဲ့လူတွေ၊ မတရားအသင်း အဖွဲ့အစည်းတွေကို ထောက်ခံလို့ ထောက်ပံ့လို့ ဆိုပြီး အဖမ်းခံရသူတွေလည်း ပါမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။

၂ဝဝ၉ ခု စက်တင်ဘာတွင် ပခုက္ကူမြို့၌ သံဃာတော်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး အပြန်လမ်းတွင် ဆိုင်ကယ်လိုင်စင် မရှိဟုဆိုကာ သွင်းကုန် ထွက်ကုန် အက်ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ပြီး ကသာထောင်တွင် ထိန်းသိမ်းခံနေရသော ဒီဗီဘီ သတင်းထောက် မလှလှဝင်း၏ အမှုကိုလည်း ဥပမာပေး ဆက်လက် ပြောဆိုသည်။

"ကျနော်တို့က သူတို့ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုကြည့်ပြီးတော့ ရာဇဝတ် ပုဒ်မတွေနဲ့ပဲ တရားစွဲခံရခံရ ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားဟူသော အသုံးအနှုန်းကို လက်မခံဘဲ အကျဉ်းသားဟူ၍သာ ရောထွေး အသုံးပြုဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းကမူ အထောက်အထား မခိုင်လုံဘဲ ညှင်းပမ်း နှိပ်စက်ပြီး ဖြောင့်ချက်ယူ ဖမ်းဆီးခံထားရသူများ ရှိသည်ဟု လွိုင်ကော်ထောင်တွင် ထောင်ဒဏ် တသက် ကျခံနေရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးမြင့်အေးအား ဥပမာပေး ပြောဆိုသည်။

“သူတို့က ဖောက်ခွဲတပ်တိုင်း ကျနော်တို့က ဖောက်ခွဲလို့ သွားပြောလို့ မရဘူးလေ။ ကျနော်တို့က ထောက်ပံ့ကြေးပေးမြဲပေးနေတာပဲ” ဟု သူက ပြောသည်။

လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်လာသူ ဦးမြင့်အေးကို ရန်ကုန်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံးတခုကို ဗုံးဖေါက်ခွဲခဲ့မှုဖြင့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ၌ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အစိုးရမှ အတိုက်အခံ အများအပြားကို ထောင်သွင်းချလေ့ရှိသော နိုင်ငံရေး ပြစ်မှုများအနက် နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေမှု၊ လူငါးဦးထက်ပို၍ စုရုံးဆန္ဒပြမှု၊ မတရားအသင်း ဖွဲ့စည်းမှု၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ ၁၉၅ဝ ခုနှစ် အရေးပေါ် စီမံချက် ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ ပါဝင်လေ့ရှိသည်ဟု ရန်ကုန်မြို့နေ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ယင်းအပြင် သဘောကွဲလွဲသူများကို ရာဇဝတ်ပြစ်မှုများတပ်၍လည်း အမှုဆင်ဖမ်းဆီးထောင်ချမှုများ ရှိသည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မေလအတွင်း၌ အကန့်အသတ်ဖြင့် ပြစ်ဒဏ် လျှော့ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာထောင်အသီးသီးမှ အကျဉ်းသား ၁၄,၆၀၀ ဦးကျော် လွတ်လာသော်လည်း နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင်သည်။ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျကိုမူ မရနိုင်ဘဲဖြစ်နေပြီးအယောက် ၃၀ မှသည် ရ၀ အထိရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

စက်တင်ဘာ ၂၇ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ မကြာမီ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် တခုကြေညာ ဦးမည်ဟု ထည့်သွင်းပြောဆိုသွားသည်။

နိုင်ငံရေး အကျဉ်းသား ၁,၉၉၈ ဦးအနက် ထောင်ဒဏ် ၆၅ နှစ်ကျော်ကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင် ၃၇ ဦး၊ SSA-N (ရှမ်းပြည် မြောက်ပိုင်းတပ်မတော်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (ထောင်ဒဏ် ၁ဝ၆ နှစ်)၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး (ထောင်ဒဏ် ၉၃) နှစ်တို့လည်း ရှိနေကြောင်း AAPP-B ကထုတ်ပြန် ထားသည်။