နယူးဒေလီ (မဇ္စျိမ) ။ ။ အစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်လာမည်ဆိုပါက ပါတီတရားဝင် ရပ်တည်ရေး အတွက်မှတ်ပုံတင် သွားရန် ထည့်သွင်းစဉ်းစားထားကြောင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရရှေ့ နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“အစိုးရရဲ့ အပြောင်းအလဲကို စောင့်နေပါတယ်။ မှတ်ပုံတင်ရေး၊ မတင်ရေးက ကြိုတင် ဆုံးဖြတ်ချက် မရှိပါဘူး။ ကျနော်တို့ အခြေအနေတခု ပေါ်လာရင်တော့ ဆုံးဖြတ်ဖို့ အကြောင်းရှိပါတယ်။ ဘယ်လို အခြေအနေ ဆိုတာလောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်ရှိလာချိန်မှစ၍ ပါတီ ပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ ခေါင်းဆောင်များ အကြား ဆွေးနွေးတိုင်ပင်မှုများ ရှိနေပြီး မည်သည့်ကိစ္စများပါဝင်သည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
အစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်လာမည်ဆိုပါက တရားဝင်ပါတီ ရပ်တည်ရေးအတွက် မှတ်ပုံတင်သွားရန် ထည့်သွင်း စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြော (မဇ္စျိမ)
လက်ရှိ အစိုးရအနေဖြင့် ပြောင်းလဲမှုများ ပြုလုပ်နေပြီကို လက်ခံထားကြောင်းနှင့် အရေးကြီးသည့်ပြုပြင် ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟု NLD က ရှုမြင်ထားသည်။
“ဒါ ထူးခြားမှုပါပဲ။ ဘာထူးခြားလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူးဗျာ။ ပြောနိုင်တဲ့အချိန်ပြောပေး ပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
NLD မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့သော်လည်း အာဏာသိမ်း စစ်အစိုးရမှ လွှတ်တော်ခေါ်ယူခြင်း မရှိသည့်အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈ အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများကို မျှတမှု မရှိဟုဆိုကာ NLD ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် NLD မှာ ပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက် တရားဝင်မှု ပျက်ပြယ်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ခွင့်ရှိ ကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့်လျှောက်ထား ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
“နိုင်ငံရေးဟာ သူ့အချိန်အခါ၊ အခြေအနေနဲ့ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုပါတယ်။ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခုကဲ့သို့ စဉ်းစားမှုနှင့်ပတ်သက်၍ ပါတီထောက်ခံသူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ် လာနိုင်သော် လည်း ပြည်သူ့အကျိုးအား လက်တွေ့ကျကျ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။
မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူ မပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့က ဆုံးဖြတ်ချက် ချပြီးရင် ချက်ချင်းလုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
တိုက်ဆိုုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီး တတိယကြိမ်မြောက်တွေ့ဆုံမှုကို ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည်ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးသွားမည်ကိုမူ မသိရသေးပေ။
“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးအတွက် ခြေလှမ်း လှမ်းနိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် “အပြန်အလှန်ကူညီသော ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်” နှင့် “တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်” ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။
ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ယနေ့ အချိန် အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။