KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်

KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ)။  ။  ရှမ်းပြည်နယ်အတွင်းရှိရဲဘက် စခန်းတခုကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဖွင့်ပေးလိုက်ပြီးနောက် KIO တပ်မဟာ ၄ ထိန်းချုပ် နယ်မြေသို့ အစိုးရမှ တပ်အင်အား ၂,၀၀၀ ခန့် တိုးမြှင့်ချထားလိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု တပ်မဟာ ၄ တာဝန်ခံဗိုလ်မှူး ကြီး ဇော်ရော်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှ ရွှေပြည်သစ် ရဲဘက်အကျဉ်းစခန်းတခုကို KIO တပ်ဖွဲ့များ ဖွင့်ပေးလိုက်သည့်နောက်  အစိုးရတပ်အင်အား ၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ်အတွင်း ရောက်ရှိလာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲဖြစ်သည်။

“သူတို့ဘက်က လူအင်အား၊ လက်နက်ကြီးတွေ တိုးလာတဲ့ အခါကျတော့ စစ်ပွဲက ရပ်သွားမယ်လို့ မမျှော်လင့်တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

ရှမ်းပြည်နယ် သိန္နီမြို့ အခြေစိုက် အစိုးရတပ်မှ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန-စကခ ၁၆လက်အောက် ခံတပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့ တိုက်ခိုက်လာသဖြင့် KIO ၏ တပ်မဟာ ၄ ဗဟိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ရှောင်တိမ်းနေရသည်။ တပ်ရင်း ၂ နှင့် တပ်ရင်း ၉ တို့မှာလည်း နေရာပြောင်းကာ ပြောက် ကျားစနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီးဇော်ရော်က ဆိုသည်။

တိုက်ပွဲများအတွင်း KIO ဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရ တပ်ဘက်မှ ယနေ့ထိဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။သီးခြားအတည်ပြုချက်ရယူနိုုင် ခြင်းမရှိပါ။

ဆက်စပ်သတင်းတရပ်မှာ မူဆယ်မြို့နယ် မန်ဂျေကျေးရွာ အနီး ရွာသစ်ကုန်းရွာမှ အသက် ၂၀ နှစ်ဝန်း ကျင်အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့များက တပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“သူကို ကျောင်းဆရာမတဦးက အာမခံပြီးတော့ ခေါ်ထားတယ်။ ညညအိပ်ရင် လန့်လန့်နိုးပြီး ငိုတာတို့ ဖြစ်တယ်လို့ ပြောတယ်၊ ရှမ်းပြည်မှာလည်း ပလောင်အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကိုရောက်သွားတယ်ဆိုတာလိုက် စုံစမ်းနေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းမှ ပန်ဆိုင်းကျေးရွာအနီး စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်က ယင်းတို့၏ဆွေးမျိုး များနေအိမ်တွင် နေထိုင်နေသော်လည်း သက်ဆိုင်ရာ ရဲများက ဧည့်စားရင်း စစ်ဆေးခြင်းနှင့်ခြိမ်းခြောက် မှုများ ရှိနေသည်ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ပြေးဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူဒေါ်မိုင်း ဂျာက ဆက်ပြောသည်။

ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့သည် အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ပဏာမ တွေ့ဆုံခဲ့သော်လည်း  အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရန် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်

Most read this week