ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော

ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ်လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

nldbuildinf235

“အနစ်နာခံရတယ်ဆိုတဲ့ စိတ်ကပေါ်လာလို့ရှိရင် တခါတလေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ ကလဲ့စားချေချင်တဲ့ စိတ်တွေ၊ မကျေနပ်တဲ့စိတ်တွေက တခါတည်းပေါ်လာပါတယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ထဲမှာ ကိုယ့်ရဲ့ ကိုယ့်ယုံကြည်ချက်အရ လုပ်နေတာပဲ ဖြစ်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရမယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အင်အားတွေကို ကိုယ်ယုံကြည်တဲ့ အရေးအတွက် သုံးကြပါလို့ ကျမက ဆော်သြချင်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားတွင် ပြော သွားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း အန်အယ်ဒီ ဗဟိုဌာနချုပ်တွင် ကျင်းပသည့် အဆိုပါ အခမ်းအနား အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်တင် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်တွင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် မှာကြားပြောဆိုသွားသည်။

မနက် ၁၁ နာရီမှစတင်ပြီး ၁ နာရီကြာသည့် အခမ်းအနားသို့ ကျောင်းသား ခေါင်းဆောင်များ၊ NLD ပါတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များ တက်ရောက်ကြသည်။

အဖွဲ့ချုပ်၏  ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်၊ ဦးညွန့်ဝေ တို့မှာ ကျန်းမာရေး မကောင်းသဖြင့် မတက် ရောက်နိုင်ကြောင်း သိရသည်။

“ကျမတို့ အနေနဲ့ တကယ် အဓိကကျတဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေ ကျမတို့ လှမ်းပြီဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုကို မရှင်းပြဘဲနဲ့ ဘယ်တော့မှ မလုပ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထဲ့သွင်းပြောကြား သွားသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အန်အယ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေမှုနှင့် စည်းလုံးညီညွတ်မှုကို လျော့ပါးထိခိုက်စေမည့် အပြောအဆို အပြုအမှုများ မပြုလုပ်ကြရန်လည်း သတိပေး စကား ဆိုသည်။

ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်၌ ညီညွတ်ရေး စိတ်ဓာတ်ဖြင့် ရပ်တည် သွားကြရန် ပြောဆိုလိုက်ပြီး နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ “ဘယ်လောက်ပြောင်းသလဲ၊ ဘယ်လိုပြောင်း သလဲ၊ ဘာကြောင့်ပြောင်းသလဲ၊ ဘာအတွက် ပြောင်းသလဲဆိုတဲ့ မေးခွန်းတွေကိုကိုယ့်ကို ကိုယ်လည်းဖြေရမယ် ကိုယ့်ပတ်ဝန်းကျင် ကိုလည်း ဖြေရမယ်၊ ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဖြေရမယ်” ဟု ဆိုသည်။

ပါတီ၏ ကြေညာချက်တွင်မူ “ကျွန်ုပ်တို့ အပေးအယူ သဘောမျိုးဖြင့် လျော့ပေါ့ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓာတ် ညံ့ဖျင်း၍ မဟုတ်၊ ယခုအခါ၌ ကျွန်ုပ်တို့နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုးအကျိုးကိုမြန်မြန် ထက်ထက် သယ်ပိုးချင်သော ဆန္ဒအတွက်ဖြစ် ပေသည်” ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ၁၉၄၆ ခု ဇန်နာဝါရီ ၂ဝ ရက် တွင် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေး၌ မိန့်ကြားခဲ့သော လမ်းညွန်ချက်ကို ထည့်သွင်း ဖော်ပြထားသည်။

အန်အယ်ဒီ စမ်းချောင်းမြို့နယ်လူငယ်များက အန်အယ်ဒီ ၂၃ နှစ်ပြည့် အထိမ်းအမှတ် တေးသီချင်း များဖြင့်
ဖျော်ဖြေခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။

Most read this week