SSA-N ကို အစိုးရတပ်များ တောနင်းရှာဟုဆို

SSA-N ကို အစိုးရတပ်များ တောနင်းရှာဟုဆို
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ မြန်မာအစိုးရကို လက်နက် ကိုင် တော်လှန်နေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းSSA-N တပ်များကို အစိုးရ တပ်မှတော နင်းရှာဖွေလျက်ရှိကြောင်း SSA-Nပြောခွင့်ရ က ပြောသည်။

“အခုစစ်တပ်တွေက ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေတွေထဲ တမြို့နယ်ချင်းစီကို စစ်ကြောင်းတွေခွဲပြီး ပိုက်စိပ်တိုက်တောနင်းရှာနေတာ တချို့နေရာတွေမှာ ကျနော်တို့ တပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မိပြီး တိုက်ပွဲဖြစ်တာတွေတောင် ရှိတယ်”ဟု ဗိုလ်မှူး စိုင်းလှက မဇ္စျိမကို ပြောသည်။

အစိုးရ စစ်တပ်၏ အရှေ့ မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တပ်များနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များမှ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှုး၊ ကျေးသီး၊ မိုင်းယိုင်၊ သီပေါနှင့် မိုင်းနောင်မြို့နယ်များရှိ SSA-N ပျောက်ကျားတပ်များကို အပူတပြင်း  ရှာဖွေနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလှ က ဆက်ပြောသည်။

စက်တင်ဘာလ၂၂ ရက်နေ့က တောနင်းဝင်ရောက်လာသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံခမရ ၅ဝ၆ တပ်ရင်း တပ်အင်အား ၅ဝ ခန့်နှင့် SSA-N  လက်အောက်ခံ ပျောက်ကျား တပ်များ ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ် အစပ်တွင် ထိပ်တိုက် ရင်ဆိုင်မိကာ ၁၅ မိနစ် အကြာ တိုက်ပွဲဖြစ်ပွား ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် SSA-N တပ်များက နယ်မြေကျွမ်းကျင်မှုနှင့် လက်ဦးမှု ယူကာ တိုက်ခိုက်ခဲ့သဖြင့် ခမရ ၅ဝ၆ တပ်မှ ရ ဦးဒဏ်ရာ ရရှိ ခဲ့ပြီး သေဆုံးသူ မရှိကြောင်း SSA-N ဘက်က ပြောသည်။

အစိုးရတပ်များ တောနင်းရှာဖွေမှုကြောင့် SSA-N တပ်များမှာလည်း မကြာခန နေရာရွှေ့ပြောင်းရသဖြင့် စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။ မိုးတွင်းကာလ အစိုးရတပ်မှ တောနင်း ရှာချိန်တွင်တောတွင်း စခန်းချနေထိုင်သည့် SSA-N  တပ်များမှာ စခန်း ဆောက်မနေနိုင်ဘဲ မိုးကာစ ခြံုကာနေရသည်များပင် ရှိနေကြောင်း SSA-N စစ်မြေပြင် သတင်းများ အရသိရသည်။

ထို့ပြင်အစိုးရတပ်က SSA-N နှင့် နီးစပ်သည်ဟု ယူဆရသော ကျေးရွာများကို SSA-N ၏ လှုပ်ရှားမှုများကို မေးမြန်း၊ စုံစမ်းခြင်းများ ပြုလုပ်ရာ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်းများ၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းများ ကိုပင် ပြုလုပ်ကြောင်း ဗိုလ်မှူးစိုင်းလှက ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ရင်း အရာရှိ တဦးကမူမိမိတို့ အနေဖြင့် အထက်အမိန့်အရ လက်နက်ကိုင် သူပုန်များကို နှိမ်နှင်းရန် တောနင်းရှာဖွေခြင်း သာ ဖြစ်ပြီးဒေသခံ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းမရှိဟု ပြောသည်။

“သူပုန်တွေ ကျက်စားတဲ့ နေရာတွေကို ကျနော်တို့ စိုးမိုးနိုင်ဖို့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ သဘောပါ။ သူတို့ပြောသလို မုဒိမ်းကျင့်တာတို့၊ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တာတို့ ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့အလုပ်က ရန်သူ့စခန်းတွေကို လိုက်ရှာပြီးရှင်းဖို့ပဲ” ဟု အဆိုပါ စစ်တပ် အရာရှိက မဇ္စျိမကို ပြောသည်။

SSA-N က ယခုအခါတွင် တပ်စုများကို ပျောက်ကျားတပ် အသွင်ပြောင်းကာ စုဖွဲ့ နေထိုင်လျက်ရှိပြီး အစိုးရတပ်များကို အလုံးအရင်းဖြင့် ရေရှည်ခုခံ တိုက်ခိုက်သွားနိုင်မည့် အနေအထား မရှိကြောင်း အထက်ပါ အရာရှိကပင် ဆက်လက် ပြောဆိုသည်။

အစိုးရဘက်မှ “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမ အဆင့် အနေဖြင့် တဖွဲ့ချင်း အလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်” ဖေါ်ပြပါရှိသည်။

အဆိုပါ ကြေညာချက် မထုတ်မီ တရက်အလိုတွင် ရှမ်းပြည် တိုးတက်ရေးပါတီက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတခုလုံးယာယီ အပစ်အခတ် ရပ်ရေး ကြေညာကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထားခဲ့သည်။

သို့သော် အစိုးရတပ်များက ရှမ်းပြည်နယ် အတွင်း SSA-N တပ်များကို တိုက်ခိုက်ရန် ယခုကဲ့သို့ တောနင်း ရှာဖွေခြင်း များ ပြုလုပ်နေခြင်းသည် အစိုးရအနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် အလားအလာ မရှိကြောင်း ပေါ်လွင်နေသည်ဟုဗိုလ်မှူး စိုင်းလှ ကပြောသည်။

အစိုးရတပ်နှင့် SSA-N တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံ သုံးသောင်းကျော်ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်း စာနာသည့်အထောက်အပံ့ များ လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုထားသည်။

Most read this week