မြစ်ဆုံဆည်စီမံကိန်း လေ့လာတွေ့ရှိမှုများ ပြည်သူကို ပြောပြလိုတဲ့ ဒေါက်တာထင်လှ

မြစ်ဆုံဆည်စီမံကိန်း လေ့လာတွေ့ရှိမှုများ ပြည်သူကို ပြောပြလိုတဲ့ ဒေါက်တာထင်လှ
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်မှုများ ဖြစ်ပေါ်နေချိန် ဆည် တည် ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များကို လေ့လာခဲ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း Biodiversity And Nature Conservation Association (BANCA) ဥက္ကဌ ဒေါက်တာထင်လှက သူ၏ လေ့လာ တွေ့ရှိ ချက်များ ပြည်သူလူထုကို ချပြလိုကြောင်းနှင့် ပြောဆိုခွင့်ရရှိရန် အစိုးရနှင့် တရုတ် ကုမ္ပဏီကို တောင်းဆိုပေးပါရန် ပန်ကြားလိုက်သည်။

myitsone
လေ့လာမှုအတွက် စီမံကိန်း ကုမ္ပဏီနှင့် သဘောတူညီမှုတွင် မည်သည့်ကိစ္စကိုမျှ ထုတ်ဖော်ခြင်းမပြုရန် သဘောတူညီ ထားသည့်အတွက် ပြောဆိုခွင့်မရခြင်းသာဖြစ်ပြီး ခွင့်ပြုချက်မရချင်း ထုတ်ဖော်ခွင့်ရမည် မဟုတ်ကြောင်း ဆိုသည်။

BANCA အဖွဲ့မှာ ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု များနှင့် ပတ်သက်၍ ငါးလကြာ လေ့လာ ဆန်းစစ်ခဲ့သည်။ လေ့လာမှုများအတွင်း သစ်တောပျက်စီးခြင်းများ၊ သဘာဝ တောရိုင်း တိရစ္ဆာန်များအား စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ ရောင်းချမှုများ တွေ့ခဲ့ရသည်ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဆည်စီမံကိန်းများအလုပ်ရုံဆွေးနွေးပွဲတွင် လည်း လေ့လာခဲ့မှုများအား “သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု” စာတမ်းကို တင်သွင်းခဲ့သည်။ သို့သော် ယင်းစာတမ်းမှ တွေ့ရှိမှုအားလုံး မဟုတ်ဘဲ တချို့အဝက်ကိုသာ တင်ပြခွင့်ရရှိခဲ့ခြင်းဟု သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်း ထားသည်။

-------------------------------------------////////////////////////////////////------------------------------

ဒီကနေ့ ဆရာတို့ BANCA က နေပြည်တော်မှာလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ လုပ်မယ် သိရပါတယ်။ ဟုတ်ပါသလား။

“မဟုတ်ပါဘူးခင်ဗျ။ အဲဒါက ကျနော်တို့ နာမည်ကို ကျနော်တို့ရဲ့ ခွင့်ပြုချက် မရဘဲနဲ့၊ ကျနော် တို့ကိုလည်း ခွင့်မတောင်းဘဲနဲ့ အဲဒီ မြန်မာနိုင်ငံ ငှက်နဲ့ သဘာဝထိန်းသိမ်းရေးအသင်းသား ဦးစိုးညွန့်တို့ အလွဲသုံးစား လုပ်ပြီးသူတို့ လုပ်မယ်ဆိုပြီး ပြောထားတာပါ။ သူ ဘာလို့ အဲဒီလိုလုပ်လဲတော့ ကျနော်တို့လည်းရည်ရွယ် ချက်ကိုတော့ မသိပါဘူး။ ကျနော်တို့ သတိတော့ ပေးထားပါတယ်။ ဒါမလုပ်သင့်တဲ့ဟာလို့ ကျနော်တို့ သတိပေးထားပါတယ်။ ကျနော်လည်း ပြန်ပြီးတော့ ဂျာနယ်ထဲမှာ ပြန်ထည့်ထားပါတယ်။ ကျနော်တို့ လုပ်တဲ့ဟာ မဟုတ်ပါဘူးဆိုတာ”

“အင်တာနက်ပေါ်ကို ကျနော်တို့ တင်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ကိုလည်း မတိုင်ပင်ဘူး။ ကျနော့်နာမည်တော့ သုံးပြီးတော့ အလွဲသုံးစားလုပ်ပြီးတော့ သုံးသွားတာပါ”

“ကျနော်လုပ်ချင် ကိုယ့်ဟာကိုယ် လုပ်မှာပေါ့ဗျာ။ သူတို့ကို အားကိုးစရာမှ မလိုဘဲဟာကို။ ကျနော့်ကို တွေ့ချင်တဲ့ သူတွေက အခုအချိန်မှာ အများကြီး။ ကျနော်က ပြောခွင့်မရလို့သာ မပြောတာ။ ကျနော်လည်း ကိုယ့်တိုင်းပြည် ချစ်တဲ့သူပဲဗျာ။ ကျနော်ကတော့ ခင်ဗျားတို့ လုပ်သင့်တာက ဒီအချိန်မှာတော့ အစိုးရစီကနေ ပြီး BANCA ကို လွတ်လွတ်လပ်လပ် ပြောခွင့်ပေး ပေးပါဆိုတာ ခွင့်တောင်းလိုက်။ အဲဒါဆို ကျနော် အကုန် လုပ်ပေးလို့ ပြောတာ။ သူတို့က အဲဒါကို ဇွတ်လုပ်ပစ်လိုက်တယ်။ ကျနော်မသိဘဲ လုပ်တယ်ဗျာ”

ဘယ်အချိန်ကျရင်ကော BANCA အနေနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ရှိလဲ။

“အဲဒါကျတော့ ကျနော်တို့နဲ့ မဆိုင်တော့ဘူးနဲ့ ထင်တယ်ဗျ။ ဒါကတော့ အစိုးရကနေ တရုတ်က စာချုပ် ချုပ်သွားတဲ့ CPI တို့ကနေပြီးတော့ ဒါကို လွတ်လပ်ခွင့် ပေးလိုက်ပြီ။ ကိုယ့်ဟာကိုယ် ပြောပါတော့လို့ပြောမှ ကျနော်တို့ က ပြောလို့ ရမှာလေ”

နေပြည်တော်မှာ တင်သွင်းခဲ့တာကကော CPI ရဲ့ သဘောတူညီချက်နဲ့ တင်သွင်းခဲ့တာလား။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီလောက်တော့ ပြောလို့ ရပါတယ်ဆိုလို့ အဲဒီလောက် ပြောတာပါ။ ကျနော် သတင်းထဲမှာပါတဲ့ဟာထက်တော့ ပိုမပြောနိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်က ကျနော် ပြောတယ် မလား။ စာချုပ်ရှိတယ်ဆိုတော့ ကျနော့်မှာ ပြောပိုင်ခွင့်မရှိဘူးပေါ့ဗျာ။ အဲဒါပါပဲ။ ကျနော် အဲဒီထက် ပြောလို့ရှိရင် ကျနော့်ကို တရားစွဲလိမ့်မယ်ဗျ”

နေပြည်တော်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကကော လေ့လာမှု ပြုလုပ်တုန်းက တွေ့ရှိခဲ့တာတွေကို အခြေခံ ရေးသားထားတာလား။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် အဲဒါကို ပြန်စစ်ပြီးမှ မှန်ကန်ပါတယ် ဆိုပြီး ကျနော်တို့က၊ သူတို့လည်း ကျနော်တို့ကို ပြန်စစ်ခိုင်းပါတယ်။ သူတို့အနေနဲ့ အပြောခံရမှာစိုးလို့ ပြန်စစ်ခိုင်း ပါတယ်။ ကျနော်တို့ စစ်ကြည့်တော့လည်း ကျနော်တို့ ပြောခိုင်းတဲ့၊ ကျနော်တို့ ရေးထားတဲ့ဟာပါပဲ”

“အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့ တချို့ဟာတွေက အများကြီး ချန်တာပေါ့။ အဲဒါတွေက Details တွေ ကတော့ သူတို့ကို မေးမှ အဲဒါရမှာပါ”

ပညာရှင်တယောက်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးမှုမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မထိခိုက်မှုဟာဘယ်လောက် ထိ အရေးကြီးတယ်လို့ ပြောနိုင်ပါသလဲ။

“ကျနော်တို့က တိုင်းပြည် Develop ဖြစ်ဖို့ ဆိုတာထက် ရေရှည် Develop ဖြစ်ဖို့ ပေါ့ဗျာ။ အခု Develop ဖြစ်ပြီး ပျက်သွားလို့ရှိရင်လည်း မကောင်းဘူးလေ။ အဲဒီတော့ ပတ်ဝန်းကျင်ပျက်လို့ရှိရင် Development မှန်သမျှ အကုန်လုံးက ရေရှည်ခံမှာ မဟုတ်ဘူးလေ။ နောက်လာ နောက်သားတွေ အတွက်ကလည်း ဘာမှ ကျန်မှာ မဟုတ်ဘူး။ Resources တွေ ဘာမှ ကျန်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ အကုန်လုံး သွားနေတာ အကုန်လုံးက Sustainable Development ပေါ့။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ Development ကို ကျနော်တို့ သွားနေတာပါ။ အဲဒီမှာ ပတ်ဝန်းကျင်က အရေးအကြီးဆုံးပါပဲ”

တိုင်းပြည် ဖွံ့ဖြိုးဖို့ အတွက် လျှပ်စစ်ထုတ်ရင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်ဘဲ ထုတ်နိုင်တဲ့ နည်းလမ်း ရှိပါသလား။

“အဲဒါတွေကတော့ အခုလို Environment Impact Assessment တွေ အခုလို လုပ်၊ လုပ်ပြီးလို့ရှိရင် ရေ အသုံးချမှု များပြားတဲ့၊ ပတ်ဝန်းကျင် ပျက်စီးနိုင်တဲ့ မြေ အသုံးချမှု၊ ရေ အသုံးချမှုပေါ့။ ပြီးတော့ လေအသုံး ချမှု များပြားတဲ့ ဟာတွေ အကုန်လုံးကို ကျနော်တို့ EIA လုပ်ပြီးတော့ Potential Impact တွေ ရှာ။ ရှာပြီးတော့ အဲဒီဟာတွေ အကုန်လုံးကို ကျနော်တို့က ဘယ်လို ဖြေလျော့တဲ့ နည်းတွေ ရှိမလဲ ဆိုတာတွေရှာ။ တခုနဲ့ တခုတော့ မတူဘူး
ပေါ့ဗျာ”

“အဲဒါတွေကို EIA လုပ်ပြီးတော့၊ လုပ်သွားလို့ရှိရင်တော့ ဒါ ရေရှည် Development အတွက် ကောင်းပါတယ်။ အဲဒီလို လုပ်သင့်ပါတယ်။ နိုင်ငံတကာလည်း အဲဒီလိုပဲ ချိတ်ဆက်နေကြတာပါပဲ”

လေ့လာမှု ခရီးစဉ်အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး တွေ့ခဲ့ရတာထဲက အမှတ်တရ တခုက ဘာရှိနိုင်မလဲ။ ဥပမာ သစ်တော ပျက်စီးမှု လိုဟာမျိုးပေါ့။

“ရွှေတူးတာတို့၊ အဲဒီ မြေတွေ ပျက်စီးကုန်တာပေါ့လေ။ သစ်တွေ အတိုင်းအဆမရှိ ထုတ်နေကြတဲ့ ဟာတွေက တော့ ကျနော် သွားတဲ့အချိန်မှာ အဲဒါတွေ တွေ့တဲ့အခါကျတော့ တော်တော် အံ့သြတာပေါ့။ အဲဒီလောက်ထိ အောင် ဖြစ်လိမ့်မယ်လို့ ကျနော် မထင်ဘူးပေါ့။ အဲဒါ ကျနော်ရဲ့ တော်တော် အံ့သြတဲ့ အချက်ထဲမှာ အဲဒါပါတယ်။ အဲဒီလောက်ထိအောင် လုပ်နေကြတယ်ဆိုတာ မသိဘူး”

“မြစ်ဆုံဆိုတာ အရင်က မေခကော၊ မလိခကောက ရေကြည်ကြည်လေးတွေနဲ့ အင်မတန်လှတဲ့နေရာတွေက အခုက ရွှေတူးတာတို့၊ တောမရှိတဲ့အချိန်မှာ ရေတိုက်စားလို့ မြစ်ရေတွေက အကုန်နောက်နေပြီ။ မြစ်ဆုံကကျနော်တို့ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တွေ့ခဲ့တဲ့ မြစ်ဆုံနဲ့ မတူတော့ဘူးပေါ့။ အဲဒါတခုတော့ ကျနော် တော်တော် အံ့သြပါတယ်”

“ရွှေတူးတာတွေပေါ့ဗျာ။ ရွှေတူးတာတွေကတော့ တော်တော်ဆိုးပါတယ်။ နောက် အဖွဲ့အစည်း ကလည်း ပေါင်းစုံ ဆိုတော့ အဲဒီနားက အုပ်ချုပ်မှုက အင်မတန် ရှုပ်ထွေးတာကိုဗျ။ သူ့နယ် ကိုယ့်နယ်၊ ဘယ်ဘက်က ဘယ်သူ ဘာညာဆိုတော့ ကျနော် ဘယ်သူ့ကို အပြစ်တင်ရမှန်းတောင် မသိတော့ဘူး။ ဒါပေမဲ့အကုန်လုံး ကတော့ ဒီလိုဟာမျိုး ရှုပ်ထွေးတဲ့နေရာဆိုတော့ ဝိသမလောဘသားတွေကတော့ လုပ်လို့ ကိုင်လို့ ကောင်းတာ ပေါ့ခင်ဗျာ။ ဟိုဘက်ကမ်း ဒီဘက်ကမ်း၊ ဟိုဘက်ရွာ ဒီဘက်ရွာတောင် မတူဘူးလေ။ ကျနော် ဘယ်သူ့ လက် ညှိုးထိုးပြီး ဘယ်သူ့အပြစ်တင်ရမှန်းတောင် မသိပါဘူး။ လုပ်နေကြတာကတော့ အများကြီးပဲ။ ကျနော်တို့ အဲဒီတွေ အကုန်လုံး တွေ့ခဲ့တာပဲ။ အဲဒါတခုကတော့ ကျနော့်ကို အင်မတန် အံ့သြစေတယ်ပေါ့ဗျာ”

အခြားဘယ်ဟာတွေ ပျက်စီးတာကော တွေ့ခဲ့ရသလဲ။

“နောက်တခုကတော့ ဒါ မြစ်ဆုံစီမံကိန်းနဲ့တော့ မဆိုင်ဘူးပေါ့လေ။ တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်တွေ။ ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နေကြတယ်ပေါ့ဗျာ။ အဲဒါတွေကျတော့ တရုတ်တွေကလည်း ကြိုက်တာ ကိုဗျ။ သူတို့က တောသားဆိုရင် ကြိုက်ကြတာကိုး။ အဲဒါတွေကလည်း အုပ်ချုပ်မှု ရှုပ်ထွေးတော့ ဘယ်သူ မှလည်း မသွားနိုင်ဘူး။ လာလည်း မတားဆီးနိုင်ဘူး။ လွတ်လွတ်လပ်လပ် လုပ်နေတော့ အဲဒီနားလေးက Biodiversity hotspot ပါ”

“အဲဒါတွေကို အထိန်းအကွပ်မရှိဘဲ လုပ်နေတော့ အဲဒါလေးတခုတော့ ကျနော် တော်တော်လေး စိုးရိမ်နေ တယ်။ ဘာလို့လဲဆိုတော့ အင်မတန်ရှားပါးတဲ့ ဇီဝမျိုးစုံကွဲတွေ အဲဒီနေရာမှာ ရှိတာကိုး။ အဲဒါကို မထိန်းဘဲ ဒီလိုပဲ ဆက်သွယ်မယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ အင်မတန်တန်ဖိုးရှိတဲ့ Resources တွေ မကြာခင် ပျောက်သွားမှာပဲ။ အလုပ်သမားတွေအများကြီး ပိုဝင်လာလို့ရှိရင် သူတို့က အဲဒါတွေကိုကြိုက်တာ ကိုး။ ကြိုက်တော့ ပိုဆိုးလိမ့်မယ်လို့ ကျနော် ထင်တယ်။ အဲဒါတွေကို အချိန်မီတားပေးဖို့ ကျနော် တရုတ်တွေကို လည်း ပြောပါတယ်။ သူတို့လည်း တတ်နိုင်သလောက် လုပ်မယ်လို့ ကျနော့်ကို ပြောတာပဲ။ အခုတော့ လုပ်၊ မလုပ်တော့ အဲဒီကို မရောက်တာ တော်တော်ကြာပြီဆိုတော့ ကျနော် မသိဘူးပေါ့ဗျာ။  အဲဒီကလည်း သိပ်ပြီး တော့ မငြိမ်းချမ်းသေးတော့ သွားလို့ မရသေးဘူးပေါ့။ အဲဒါ နောက်ထပ် ထူးခြားတဲ့တခု တွေ့တာပါ”

နောက်ထပ်ကော ရှိသေးလားဆရာ။

“အဲဒီလောက်ပါပဲ။ ဒါပေမဲ့ လောလောဆယ် အဲဒါတွေကို ထိန်းလို့ရှိရင် ထိန်းလို့ရသေးတယ်။ ကျနော်တို့ ပြော ထားတဲ့ အတိုင်း ကာကွယ်ဖို့လုပ်၊ Potential Area Management တွေ ကောင်းကောင်းလုပ်မယ်ဆိုလို့ ရှိရင် တော့ ထိန်းချုပ်နိုင်မယ်။ ဒါမေပဲ့ ဒီထက် နောက်ကျသွားမယ်ဆိုလို့ရှိရင်၊ နောက် ၂၊ ၃ နှစ်မှ လုပ်လို့ရှိရင် ထိန်းလို့ မရဘူးထင်တယ်”

“ဆည်တွေရဲ့ သက်တမ်းလည်း ခံမှာ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ တောတွေ မရှိတော့ ရေတိုက်စားမှုတွေ များပြီး ဆည်ထဲမှာ နုန်းတွေချည်းပဲ ဖြစ်မှာလေ။ ဆိုတော့ အဲဒါတွေက အချိန်မီ ထိန်းပေး ဖို့လိုမယ်လို့ကျနော် ထင်တယ်ပေါ့လေ”

အဲဒီထဲမှာပါတဲ့ တာတမံဆိုးကျိုး၊ ကောင်းကျိုးဆိုပြီး ဖော်ပြထားတဲ့နေရာမှာ ဆိုးကျိုးဆိုတာကလေ့လာ မှုတွေအရ သိရတာလား၊ ဒါမှမဟုတ် တခြားသော နိုင်ငံတကာက ဗဟုသုတွေတွေကို ထည့်သွင်းဖော်ပြ ထားတာလား။

“ကျနော်တို့ Environment Impact Assessment မှာ ကျနော်တို့က Potential Impact (ဖြစ်နိုင်ခြေ အကျိုးသက်ရောက်မှု) ပဲ ပြောလို့ရပါတယ်။ ဒါတွေက Prove (အတည်ပြု) လုပ်တယ် ဆိုတဲ့ဟာက ဆည်ကြီး ပြီးတော့မှ။ နောက်မို့ဆို ကျနော်တို့မှာ Evidence  (သက်သေ) မရှိပါဘူး။ Potential Impact ဟာတခု အနေနဲ့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့မှာ။ ကျနော်တို့လည်း အဲဒီလိုပဲ ပြောထားပါတယ်”

အစီရင်ခံစာမှာ ပြည်သူတွေကို ချပြသင့်တယ်လို့ အကြံပြုထားတော့ ဘာကြောင့်ပါလဲ။

“ဒါကတော့ EIA Report မှန်သမျှကတော့ နိုင်ငံတကာ ကျင့်ပုံကျင့်နည်းအရတော့ ပြည်သူတွေကို ချပြ တာပဲလေ။ သူတို့ရဲ့သဘောတူညီချက် ယူတာပဲ။ ကျနော်တို့ နိုင်ငံလည်း လမ်းစဉ်က ပြောင်းပြီဆိုတော့၊ ဒါကို ပွင့်ပွင့်လင်းလင်း ချပြပြီး လုပ်ရင်တော့ လုပ်ရကိုင်ရတဲ့သူတွေအကုန်လုံး သံသယကင်းကင်းနဲ့လုပ်နိုင်တာ ပေါ့ဗျာ။ ဒါကြောင့်မို့ ကျနော် အကြံပေးတာပါ”

ပုဂ္ဂိလ်ရေးအနေနဲ့ အခု လေ့လာဆန်းစစ်မှုတွေအားလုံး ပြည်သူကို ချပြသင့်တယ်လို့ ထင်ပါသလား။

“ကျနော် အဲဒီလို ထင်လို့လဲ အဲဒီလို ချပြသင့်တယ်လို့ ကျနော် သတင်းစာရှင်းလင်းပွဲလိုဟာမျိုးမှာပြောရဲ တာပေါ့လေ”

ကန်ထရိုက်စာချုပ်အရ ပြောခွင့်မရဘူးဆိုတော့ ဘယ်လိုဖြစ်စေချင်သလဲ။

“သူတို့ကို တောင်းဆိုပေးပါ။ ကျနော်တို့က တောင်းဆိုလို့မှ မရဘဲဗျာ။ သူတို့ တောင်းဆိုပေးပါပေါ့။ တောင်းဆိုပေးလို့ အစိုးရနဲ့ CPI က ခွင့်ပြုရင် ကျနော် ပြောလို့ရပါတယ်”

လေ့လာမှုတွေအရ ပြည်သူသိသင့်တာတွေ ရှိနေတဲ့အတွက် ပြောပြချင်တဲ့သဘောလား။

“ဟုတ်ပါတယ်။ အတိအကျပါပဲ”

အခု လေ့လာမှုတွေနဲ့ပတ်သက်ပြီးကော သီးခြားပြောဆိုချင်တာ ရှိပါသေးလား။

“ကျနော်ကလည်း ဒီထက်ပို ပြောတော့ ပြောချင်တယ်။ ဒါပေမဲ့ ပြောပိုင်ခွင့်မရှိတော့ ပြောလို့မရဘူးဗျာ။ အဲဒီလို လွတ်လွတ်လပ်လပ် ပြောလို့ရအောင်လို့ အကြံဉာဏ်ပေးတာပါ။ အကုန်လုံးလည်း ဝိုင်းပြီးတော့ ပြောကြပါ။ အဲဒါမှလည်း အားလုံးကောင်းမှာပေါ့လေ။ ရှင်းရှင်းလင်းလင်းတွေ ဖြစ်သွားတာပေါ့ဗျာ။ Transparency ရှိရှိဖြစ်သွားတာပေါ့ဗျာ။

မြစ်ကို ထိခိုက်ပျက်စီးစေသည်။
သန့်ရှင်းသောရေနှင့် ဂေဟစနစ်ကို ပျက်စီးစေသည်။
မြစ်ကျိုးအင်းများ ဖြစ်ပေါ်ခြင်းကြောင့် ပြောင်းရွှေ့ကျက်စားတတ်သော ငါးများကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။
နုန်းပို့ချမှုကို ပျက်ပြားစေသည်။
တမံကျိုးပေါက်ခြင်းကြောင့် တမံအောက်ပိုင်းတွင် နေထိုင်သည့် လူသန်းပေါင်းများစွာ အသက် အိုးအိမ်များကို ပျက်စီးစေသော အန္တရာယ်ရှိသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေသည်။
ကုန်ကျစရိတ်များပြားပြီး ပမာဏကြီးမားသော တမံများ၏ စီးပွားရေးနှင့် လူမှုရေးအကျိုးအမြတ် များသည် သေချာရေရာမှု မရှိပါ။
ရေလွှမ်းမိုးမှုကြောင့် လူသန်းပေါင်းများစွာ နေထိုင်သော နေရာဒေသများကို ဆုံးရှုံးစေပါသည်။
သဘာဝရေစီးနှုန်း၊ နုန်းအနည်အနစ်နှင့် ရိုးရှင်းသော ဂေဟစနစ်ကို ပျက်စီးစေသည်။
ဆိုးကျိုးများကို လျော့နည်းအောင် ဆောင်ရွက်နိုင်သော်လည်း ပျက်စီးမှုအားလုံးအား လျော့ပါးအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။
၁၀ နှစ်စဉ်ရေကြီးမှုကို ကာကွယ်နိုင်သော်လည်း နှစ်များစွာကြာမှ တခါတရံဖြစ်ပေါ်သော ရေကြီးရေလျှံမှု ကိုမူ ကာကွယ်နိုင်ခြင်းမရှိပေ။
၁၁ တမံအနီးဝန်းကျင်တွင် နေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်စေသည်။
၁၂ ရေအားလျှပ်စစ်သည် သန့်ရှင်းသော စွမ်းအင်မဟုတ်ပါ။
၁၃ ရေလှောင်ကန်သည် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှင့်ပါသည်။
၁၄ နေစွမ်းအင်ကဲ့သို့ ခေတ်မီနည်းပညာရပ်များ အသုံးပြုပါက တမံများ တည်ဆောက်မှုကို လျော့ချနိုင်ပါသည်။
၁၅ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကို လျော့ကျစေခြင်းသည် စဉ်ဆက် မပြတ် မဖြစ်ပေါ်နိုင်ပါ။
၁၆ ဂေဟဆိုင်ရာ၊ လူမှုစီးပွားရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များသည် တည်ဆောက် ရေး၏ အကျိုးတရားနှင့် ဆက်နွှယ်နေပါသည်။
၁၇ တမံကြီးသည် ကုန်ကျစရိတ် ကြီးမားပါသည်။

Most read this week