ဧရာဝတီ အနုပညာပြပွဲ ဒေါ်စုတက်ရောက်

ဧရာဝတီ အနုပညာပြပွဲ ဒေါ်စုတက်ရောက်
by -
မျိုးသိဏ်း

ရန်ကုန် (မဇ္စျိမ) ။       ။  မြန်မာနိုင်ငံ၏ မြောက်ဖျားမှတောင်ဘက်သို့ စီးဆင်းနေသည့် အရှည်လျားဆုံးမြစ် ဖြစ်သော ဧရာဝတီမြစ်ကြောင်းတလျောက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို မီးမောင်းထိုးပြ ထားသည့် အနုပညာပြပွဲတခုကို ရန်ကုန်မြို့တွင် ကြာသပတေးနေ့က ပြုလုပ်ရာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့သည်။

suu-kyi-attends-at-irrawaddy-art-show-3ss
ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိGallery 65 တွင် ပြုလုပ်သည့်  မြစ်တစင်း၏ပုံရိပ် - ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာ ပြပွဲဖွင့်ပွဲတွင် သစ်ထုတ်လုပ်မှုများ၊ ရွှေတူးဖော်မှုများအပါအဝင် လူတို့ ကြောင့် ဧရာဝတီမြစ်ကြောင်းတလျောက် ထိခိုက်ပျက်စီးမှုကို ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းများဖြင့် သရုပ်ဖော် ပြသထားသည်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်လျက်ရှိသော ကချင်ပြည်နယ်တွင်းရှိ မေခနှင့် မလိခမြစ်ဆုံရာအနီး တည်ရှိသည့် မြစ်ဆုံဆည်စီမံကိန်းအပေါ် ကန့်ကွက်မှုများ ရှိနေချိန်တွင်ပြပွဲပြု လုပ်ခြင်းလည်းဖြစ်သည်။

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်သုံးသပ်ရန် လူသိရှင်ကြားပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့အချိန်မှာ ညီညွတ်မှုအတွက် ရင်ဆိုင်ရတဲ့ အခန်းကဏ္ဍတွေ များလာတယ်။ ဧရာဝတီအရေးကညီညွတ်မှု တခု ဖြစ်လာနိုင်ပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ရင် ဧရာဝတီနဲ့ပတ်သတ်ပြီး ကောင်းမွန်တဲ့ ရလာဒ်တွေ ရလာနိုင်ပါတယ်။” ဟု အနုပညာပြပွဲတွင် ပြောဆိုသွားခဲ့သည်။

မိုင်ပေါင်း ၁,၃ဝဝ ကျော်ရှည်လျားသော ဧရာဝတီမြစ်အတွက် ဆုတောင်းစာ ရေးသားခဲ့ရာတွင်လည်း “ ဧရာဝတီ - ပြည်ထောင်စုရဲ့ သား၊ သ္မီး အားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနေနိုင်ပါစေ”ဟုရေးသား ခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါအနုပညာပြပွဲကို Green Hearts သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။