ဘဏ်ခြောက်ခုကို နိုင်ငံခြားငွေ လဲလှယ်ရေးအတွက် ဗဟိုဘဏ် သင်တန်းပေး

ဘဏ်ခြောက်ခုကို နိုင်ငံခြားငွေ လဲလှယ်ရေးအတွက် ဗဟိုဘဏ် သင်တန်းပေး
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။     ။ နိုင်ငံခြားငွေ လဲလှယ်ရောင်း ဝယ်ခွင့် လိုင်စင်ရရှိမည်ဟု ယူဆရသည့်ဘဏ် ခြောက် ခုမှ အကြီးတန်း ဝန်ထမ်းများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က သင်တန်းပေးနေပြီ ဖြစ်သည်။

bank1
နိုင်ငံခြားငွေ လဲလှယ်သည့် လုပ်ငန်းများတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ နှင့်ပတ်သက်၍ အင်းဝ ဘဏ်၊မြဝတီဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဘဏ်၊မြန်မာ အရှေ့တိုင်းဘဏ်နှင့် ကမ္ဘောဇ ဘဏ်တို့မှ အကြီးတန်း ဝန်ထမ်းများကို သင်တန်းပေးနေခြင်းဖြစ်သည် ဟု မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ် ထိပ်တန်း အရာရှိ တဦးက မဇ္စျိမကို ပြောသည်။

၎င်းက “တာဝန်ပေးမယ့် အဖွဲ့တွေက လောလောဆယ် ဗဟိုဘဏ်ကနေ ပေးတဲ့ သင်တန်း တက်တုန်း ရှိသေးတယ်။နှစ်လလောက် ကြာမယ်” ဟုဆိုသည်။

ယခုခအချိန်တွင် ငွေလဲလှယ်ရမည့် လုပ်ငန်းအစီအစဉ်ကို ဗဟိုဘဏ်မှ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း၊ ငွေလဲလှယ်မှု ဆောင်ရွက်ရန် ခွင့်ပြုသည့် အခါတွင် အဆင်သင့်ဖြစ်စေရန် ယခုကဲ့သို့ သင်တန်းများပေးထားခြင်း ဖြစ်သည်ဟု သိရသည်။

ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဌာနမှ တာဝန်ခံအရာရှိတဦးကမူ ဘဏ် ခြောက်ခုမှလာ၍ သင်တန်း တက်နေသည့် ဝန်ထမ်းများကို နိုင်ငံခြားငွေ လဲလှယ်မှုတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများပို့ချပေးပြီး လျင် နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နှစ်လအတွင်း ညွှန်ကြားချက် ချပေးသွားနိုင်ရန် ပြင်ဆင်မှုများပြုလုပ် နေလျက်ရှိကြောင်း မဇ္စျိမကို ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်းကာ နိုင်နိုင်နင်းနင်းဆောင် ရွက်နိုင် ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မပြုလုပ်နိုင်ပါက နိုင်ငံခြားငွေ မှောင်ခိုစျေးကွက် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်နေဦး မည် ဖြစ်ကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

“အရင်ကတည်းက ဘယ်သူမှတော့ မှောင်ခိုမှာ သွားပြီးရောင်းချင် ဝယ်ချင် ကြတာတော့ မဟုတ်ဘူး။ ငွေလဲနှုန်း ဥပဒေ နိုင်နိုင်နင်းနင်း လုပ်နိုင်မှ မှောင်ခိုစျေးကွက်တွေက ပျောက်နိုင်မှာပေါ့” ဟု ဦးခင်မောင်ညို က မဇ္စျိမကိုပြောသည်။

သြဂုတ်လ ၃ဝ ရက်နေ့က အထက်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ ဦးသိန်းဝင်း တင်သွင်းထားသည့် “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်သင့်သော ဥပဒေများကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၂ မှ ဦးညွန့်တင်က ဆွေးနွေးသည်။

ယင်းအဆိုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း က လက်ရှိခေတ်ကာလ အခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်လျက်ရှိပြီး ပြဋ္ဌာန်းနိုင်ရန်အတွက် ဥပဒေမူကြမ်းကို ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
bank
The Foreign Exchange Regulation Act ၊ The Pension Act၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေ တို့အား ခေတ်စနစ်နှင့် အညီ လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက်ရန် အတွက် ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်းလည်း ဦးလှထွန်းက လွှတ်တော်တွင် ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံခြားငွေများ လဲလှယ်နိုင်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ် MICB နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB တို့ကသာ ဝန်ဆောင်မှု လုပ်ကိုင်ပေးနေသည်။

၁၉၄၇ ခုနှစ် နိုင်ငံခြားသုံးငွေ စည်းမျဉ်း ဥပဒေပုဒ်မ ၅ အရ မြန်မာအတွင်းနေထိုင်သူ မည်သူမဆို နိုင်ငံခြား သုံးငွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့်သာ ကိုင်ဆောင်ခွင့်ရှိပြီး၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ့မှုဌာနတွင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင် Foreign Exchange Acceptor & Holder License ကိုလျောက်ထား ပြီးမှ ကိုင်ဆောင်နေကြရသည်။

Most read this week