မြန်မာအစိုးရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒု တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းသည် စက်တင်ဘာ ၁၇ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကရင်နယ်ခြားစောင့် တပ်-BGF ခေါင်းဆောင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထိုဆွေးနွေးမှုသည် အစိုးရစစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် ထိုးစစ်ဆင်ရန် BGF ကို လာရောက် စည်းရုံးခြင်းဖြစ်နိုင် သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလိုးလိုက ကေအိုင် စီသို့ ပြောသည်။
“သူတို့(အစိုးရ)က မြဝတီမြို့နယ်မှာရှိတဲ့ ချူကလီးကို မြို့နယ်ခွဲအဖြစ် လုပ်နေတဲ့အခါကျတော့ (သူတို့မှာ)နယ်မြေ စိုးမိုးမှုရှိဖို့ လိုအပ်တယ်။ ထိုးစစ်လုပ်မယ်ဆိုရင် အဲဒီကိစ္စကြောင့် ဖြစ်နိုင်တယ်။”ဟု သူက ဆက်ပြောသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ ချူကလီးဒေသကို မြို့နယ်ခွဲအဖြစ် အဆင့်တိုးမြှင့်တည်ထောင်ရန် ယခင် စစ်အစိုးရလက်ထက် ၂၀၁၀ပြည့်နှစ်က တည်းက စတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိုင်းမှူး၏ ခရီးစဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဒု ဥက္ကဌ ပဒိုစောဒေးဗစ်သာကဘောက လည်း “သူတို့ (အစိုးရ)က ကရင်အချင်းချင်း ပြန်တိုက်ဖို့အတွက် လာဆွေးနွေးတာပဲ။ ကျနော်တို့ကရင်အချင်းချင်း ကို သူတို့ အမျိုးမျိုးနဲ့ သွေး ခွဲတဲ့သဘော ဖြစ်တယ်။”ဟု သုံးသပ်သည်။
မြန်မာအစိုးရသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် တပ်မဟာနယ်မြေများကို ထိုးစစ်ဆင်မည် ဆိုသည့်သတင်းများ ရထားကြောင်းလည်း သူက ဆက်ပြောသည်။
လက်ရှိအခြေအနေအရ ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း လှုပ်ရှားနေသည့် အစိုးရတပ်များနှင့် နယ် မြေခံ KNU၊ DKBA တပ်များအကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေသော်လည်း အစိုးရဘက်က ထိုးစစ်တရပ် ချက် ချင်း ဆင်နွဲမည့် အရိပ်လက္ခဏာများ မတွေ့ရသေးဟု DKBA က ပြောသည်။
မြန်မာအစိုးရတပ်များသည် မိုးရာသီအကုန် ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှ မေလအထိ KNUထိန်းချုပ် နယ်မြေများကို ထိုးစစ်ဆင်လေ့ရှိသည်။
မြဝတီနှင့် ကော့ကရိတ်မြို့နယ်အတွင်း၌ အစိုးရ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂)လက်အောက်ခံ အမြောက်တပ် တပ်ရင်းတစ်ရင်း အပါအဝင် ခြေလျင်တပ်ရင်း ခလရ(၉၇)၊ (၂၃၀)၊ (၂၃၁)၊ (၃၅၅)နှင့် (၄၅၆)တပ်ရင်းများ လှုပ်ရှားလျက်ရှိ သည်။