တောင်ငူရေကြီး ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော်ရှိ

တောင်ငူရေကြီး ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော်ရှိ
by -
ဇွဲခန့်

နယူးဒေလီ(မဇ္စျိမ) ။        ။ ပဲခူးတိုင်း တောင်ငူမြို့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း တခုလုံးနှင့် အနောက်ဘက်ခြမ်း များတွင် စတင်ဘာလ ၉ ရက်နေ့မှစ၍ ရေလွှမ်းမှုများ ပြန်ဖြစ်ပေါ်လာခဲ့ရာ ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော် နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် အဝေးပြေးကားဝင်းများ အတွင်းတွင် နေထိုင်နေကြရဆဲ ဖြစ်သည်ဟု မြို့ခံများကပြောသည်။

ပဲခူးတိုင်း တောင်ငူမြို့ ဒေသခံများအခေါ် အနောက်ဘက်ကမ်းရှိ စစ်တောင်းမြစ်နှင့် နီးသည့် ရပ်ကွက် (၁) ထီးလှိုင်၊ အုတ်ကျိုးတန်း၊ အလယ်ကျွန်း၊ ရပ်ကွက်(၁၉)နှင့် မြို့ဆင်ခြေဖုံး ရက်ကွက် ဖြစ်သည့် မြို့ကြီး ရပ်ကွက် အပါအဝင် ၆ ရပ်ကွက် ရေမြုပ်သွားခဲ့ကာ အရှေ့ဖက်ကမ်းရှိ ဆင်သေဦး၊ ကချောင်း၊ မိုးကောင်းနှင့် ညောင်ပင်သာ စသည့် ရပ်ကွက်များ ရေလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။

ဆွာချောင်းဆည်၊ ပသိဆည်နှင့် ခပေါင်းချောင်းဆည်တို့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခြင်းကြောင့် မြို့ခံများကို ကြိုတင် အသိမပေးဘဲ ဆည်ရေဖောက်ချရာမှ ရေလွှမ်းမိုးခံရခြင်း ဖြစ်သည်။

“မိုးကမကြီးဘူးခင်ဗျာ့။ မိုးက ဒီလောက်ကြီးတက်လာလောက်အောင် ရေက မကြီးဘူး။ အရင်လ ၆ ရက်လောက်တုန်းကတည်းက ရေက ရှိနေတာဗျာ။ ရေကရှိနေတုန်း ကျသွားလုလု အခြေအနေလေးမှာ ဆည်က ရေတွေ ထပ်လွှတ်လိုက်တော့ ရေက ပြန်တက်လာတာ။ ဒီလိုဖြစ်သွားတာပဲ” ဟု စစ်တောင်းမြစ် နောက်ဖက်ကမ်းမှ ဒေသခံ တဦးက မဇ္စျိမကို ပြောသည်။

တောင်ငူမြို့ ရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို စစ်တောင်းမြစ်ကို ခွကျော်၍ ဆောက်လုပ်ထားသော သံဘောင် တံတားက ဆက်သွယ်ထားသည်။ သံဘောင်တံတား အရှေ့ဘက်ကမ်း ဆင်သေဦး ရပ်ကွက်တွင် ရေကြီးမှု အများဆုံး ဖြစ်နေသည်။

“အရင်ထက်တိုးလာတယ်ဗျာ့။ စခန်းတခုမှာ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာပေါ့လေ အဲဒီမှာ လူဦးရေ ၃၀၀ ထက်မနည်းရှိတဲ့ စခန်းတွေရှိတယ်။ အနည်းဆုံး စခန်းကတော့ ၃၀၀ ပဲဗျာ့။ အများဆုံးကကော့ ၆၀၀ ဝန်းကျင်ပါပဲ။ အားလုံးပေါင်းလိုက်လို့ရှိရင် လူဦးရေက ၉,၀၀၀ နဲ့ ၁၀,၀၀၀ ဝန်းကျင်မှာ ရှိတယ်”  ဟု မြို့ခံတဦးက ပြောသည်။

လောကုတ္တရာဘုရား၊ ထီးလှိုင်ဘက်မှ ရွှေဂူကြီးဘုရား၊ အဝေးပြေးကားကွင်း စသည့်နေရာများတွင် ရေဘေး ဒုက္ခသည်များ ရာနှင့်ချီ ရှိနေကြပြီး စုစုပေါင်း ရေဘေး ဒုက္ခသည်များ နေထိုင်နေသည့်  စခန်းပေါင်း ၂၀ ရှိနေသည်။ ယခင်ရေကြီးချိန်များတွင် စာသင်ကျောင်းများ အတွင်း နေထိုင်ခွင့်ရခဲ့သော်လည်းစာသင် ကျောင်းများ ပြန်လည် ဖွင့်လာသည့် အတွက် အခန်းအပိုရှိနေသည့် အမှတ် (၅) အထက ကျောင်းတွင်သာ ရေဘေးဒုက္ခသည်များ ရှိနေတော့သည်။

ကျောင်း ရ ကျောင်းမှာ ရေမြုပ်နေဆဲဖြစ်ကာ ကလေးများမှာလဲ မိဘများနှင့်တတူ ရေဘေးစခန်းများတွင်ရှိ နေပြီးဆရာ၊ ဆရာမများမှာလည်း သွားရေးလာရေး ခက်ခဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ထားရဆဲ ဖြစ်သည်ဟု တောင်ငူမြို့ခံ ဦးစိန်ထွန်းမှ ဆိုသည်။

ယခုကဲ့သို့ ရေကြီးခြင်းမှာ မိုးတွင်းကာလအတွင်း သုံးကြိမ်မြောက် ရေကြီးခြင်းဖြစ်ပြီး ယခင်ရေကြီး ချိန်များတွင်ရေဘေးဒုက္ခသည်များ အတွက် ကူညီထောက်ပံ့၊ လှူဒါန်းသူများရှိခဲ့သော်လည်း ယခုတကြိမ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO မှ ဆန်အိတ် ၄၅၀ လှူဒါန်းခဲ့သည်မှ လွဲ၍ တခြား ကူညီထောက်ပံ့သူများ မရှိသလောက်ဟု ဒေသခံများ အဆိုအရ သိရသည်။

“သွားရေးလာရေးကိုတော့ လှေကလေးတွေနဲ့ပေါ့။ နဂိုကတည်းကနေ ဒီဒေသမှာ လှေကလေးတွေ ရှိတယ်။ ဝါးဖောင်တွေ လုပ်တယ်။ ကားကျွတ်တွေ သုံးခု၊ လေးခုလောက် လေထိုးပြီးတော့ အဲဒီအပေါ်မှာသစ်သား ပြား တင်ပြီးတော့ အရပ်ပုံစံသွားနေရတာ” ဟု ဦးစိန်ထွန်းက ပြောသည်။

ရေကြီးချိန်တလျှောက် မြို့နယ်ရဲမှူးကြီးမှ လိုက်လံ ကြည့်ရှုနေခဲ့သော်လည်း ယခုချိန်ထိ ထိရောက်သည့် တစုံတရာ ကူညီဆောင်ရွက်ပေးခြင်းများ မရှိသေးဟု ဒေသခံက ဆက်ပြောသည်။ သွားရေးလာရေး ခက်ခဲမှုများကြောင့် ကုန်စျေးနှုန်းများ မတက်သော်လည်း အရောင်းအဝယ်က မရှိသလောက် ပါးနေသည်။ စစ်တောင်းမြစ်ရေမှာလဲ ယခုအချိန်ထိ စိုးရိမ်မှတ် အထက်တွင် ရှိနေသေးသည်။

မိုးတွင်းကာလအတွင်း မြန်မာနိုင်ငံ တဝန်းလုံးတွင် မိုးများခြင်းကြောင့် မြစ်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ခဲ့ပြီး လာမည့် အောက်တိုဘာ၊ နိုဝင်ဘာလများအတွင်း တရုတ်ပင်လယ်မှ လာမယ့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ အနောက်ဘက်သို့ လာမည်ဆိုပါက မိုးလွန်ကာလများတွင် မိုးထပ်ရနိုင်သည့် အပြင် မြစ်ချောင်းများ အတွင်း ရေပြည့်နေသည့် အတွက် မြစ်ရေလျှံမှုများလည်း ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒမှ ခန့်မှန်းထားသည်။

Most read this week