သျှမ်းသံတောင်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ကွယ်လွန်ခြင်းသည် အဖွဲ့၏ လုပ်အား(၄၀)ရာနှုန်းဆုံးရှုံး

သျှမ်းသံတောင်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ကွယ်လွန်ခြင်းသည် အဖွဲ့၏ လုပ်အား(၄၀)ရာနှုန်းဆုံးရှုံး

နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ဝင် သျှမ်းသံ တော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် သည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွန်တောက် ဆေးရုံ၌ အသဲ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပါသည်။

သျှမ်းသံတောင်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်
သျှမ်းသံတော်ဆင့် သတင်းဌာန၏ ဗမာစာနှင့် ရှမ်းစာတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်သည့် အတွက် ယခုလို ကွယ်လွန်သွားခြင်းမှာ သျှမ်းသံတော်ဆင့်၏ လုပ်အား ၄၀ ရာခိုင်နှုန်း ဆုံးရှုံးသွားသည်ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါသည်။

၎င်းက “သတင်းတွေအများစုကိုလည်း သူက ပိုပြီးတော့ စုဆောင်းနိုင်တယ်။ နောက်ပြီးတော့ သူက အလုပ် သိပ်လုပ်တာ အလုပ်လုပ်တဲ့နေရာမှာ ၂ ယောက်မရှိဘူး။ ကျနော်က မနက်မိုးလင်းတာကနေ မိုးချုပ်ထိပဲ လုပ်တယ်။ သူက မိုးချုပ်ထိလဲလုပ်နေသေးတယ်။ မအိပ်ခင်ထိသူက လုပ်တယ်။ ဒီနေရာမှာ သူက ဆုံးသွားတဲ့ အခါကြတော့ ကျတော်တို့လုပ်အားက တော်တော်လေး လျော့သွားတာပေါ့” ဟုပြောသည်။

နိုင်ငံရေး၊ စစ်ရေး၊ လူမှုအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ စာပေယဉ်ကျေးမှုရေးရာ စသည့်သတင်းများ ရေးသားခဲ့သည့်အပြင် လူချစ်လူခင်ပေါ၍ မူးယစ်ဆေးဝါးသတင်းများတွင် ပိုမို၍ ရေးသားနိုင်၊ စုဆောင်းနိုင် ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် သျှမ်းသံတော်ဆင့် သတင်းစဉ်ကို စတင်ထူထောင်ရာတွင် ပါ၀င်ခဲ့သူ တဦးလည်း ဖြစ်သည်။

“သို့သော်လည်းပဲ သူကလည်း မှာခဲ့ပါတယ်။ ကျနော်တို့ ရှမ်းစကားမှာ ဘာလဲဆိုတော့ ကျားသေရင် ကျားတက်တယ်။ ဖွတ်သေလို့ရှိရင်လဲ ဖွတ်တက်တယ်ဆိုတာ ရှိထားတယ်။ ဒီတော့ နောက်ထပ် ကျားတွေ၊ ဖွတ်တွေကို ကြိုးစားပြီး တော့ မွေးမြူပေးပါဆိုပြီးတော့ သူက ကျနော်ကို မှာခဲ့သေးတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။

ဦးစိန်ကြည်သည် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့တွင် မွေးဖွားခဲ့ပြီး အထက် တန်းကျောင်းကို တန့်ယန်းမြို့၊ လာရှိုး၊ မန္တလေး တွင် တက်ရောက်ခဲ့ပါသည်။ ငယ်စဉ်ကတည်းက စာပေနှင့်ဂီတကို ၀ါသနာပါ၍ သတင်းမီဒီယာ လောကတွင်အပြင် တေးရေး၊ တေးသံရှင် ဆခဟ အဖြစ်လူသိများခဲ့သူ တဦးလည်း ဖြစ်သည်။

တေးသံရှင် စိုင်းဆိုင်မောဝ် နှင့်အတူ “ပင်လုံဂကိ” အယ်လ်ဘမ် ကိုစတင််ထုတ်ဝေခဲ့သည်။  ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်ကာ ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ပြီး ရုပ်အလောင်းအား ၀ပ်ပါပေါက်ဘုန်းကြီးကျောင်း တွင် ထားရှိမည်ဖြစ်သည်။