ရေလုပ်သားများ အသက်အာမခံ ထားခွင့် ရတော့မည်

ရေလုပ်သားများ အသက်အာမခံ ထားခွင့် ရတော့မည်
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် မြန်မာရေ လုပ်သားများ အသက်အာမခံချက် ထားရှိခွင့် မကြာမီ ရတော့မည်ဟု နိုင်ငံပိုင် အာမခံလုပ်ငန်းက ပြောသည်။

“လုပ်ခွင့်တော့ ပြုလိုက်ပြီပေါ့နော်။ အခုမှ လုပ်ငန်းစဉ်သစ် စမှာဆိုတော့ အဆိုလွှာပုံစံ၊ အာမခံလက်မှတ်ပုံစံ တွေကို အကုန်စိစစ် ပြီးတော့ လုပ်နေပါတယ်”   မြန်မာ့ အာမခံလုပ်ငန်း လက်ထောက်မန်နေဂျာ တဦးက ပြောသည်။လောလောဆယ် အဆိုပြုလွှာနှင့် အာမခံ လက်မှတ်ပုံစံများ ပြုလုပ်နေပြီး မကြာမီ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ အာမခံရုံးများသို့ ပေးပို့တော့မည်ဟု သူကဆိုသည်။

ရေလုပ်သားများ အနေဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေရင်း အသက်ဆုံးပါးမှု၊ လုပ်ငန်းခွင် အတွင်း ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရပါက အကျိုးခံစားခွင့် ရရှိစေမည့် အာမခံ ထားရှိနိုင်ရေး အတွက် မြန်မာ့ အာမခံ လုပ်ငန်းက “ကျားဖောင်လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံထားရှိနိုင် ရေး” အစီအစဉ်ဖြစ်သည်။ အာမခံ အစီအစဉ်ကို ကျားဖောင်လုပ်ငန်းရှင်များကသက်ဆိုင်ရာမြို့ နယ်နှင့် ခရိုင် အာမခံလုပ်ငန်း ရုံးများတွင် တာဝန်ယူ ပြုလုပ် ပေးရမည် ဖြစ်သည်။ 

ရေလုပ်သား တဦးအတွက် အနည်းဆုံး တနှစ်လျှင် တယူနစ်စာ ၃,၅ဝဝ ကျပ် အာမခံ ဝယ်ယူနိုင်မည်ဖြစ် သည်။ အသက်အာမခံ တယူနစ်၏ လျော်ကြေး အကျိုး ခံစားခွင့်မှာ ကျပ် ငါးသိန်း ဖြစ်သည်။ အာမခံ လုပ်ငန်း စည်းမျဉ်းအရ ရေလုပ်သားများ တဦးလျှင် အနည်းဆုံး တယူနစ်မှ အများဆုံး လေးယူနစ်ထိ ဝယ်ယူနိုင်ပြီးလေးယူနစ်၏ အာမခံထားရှိမည်ဆိုပါက တနှစ်လျှင် အာမခံကြေး ၁၄,ဝဝဝ ကျပ်ပေးသွင်းရ မည် ဖြစ်ပြီး အကျိုးခံစားခွင့်မှာ ကျပ် သိန်း ၂ဝ ရရှိမည် ဖြစ်သည်။ 

“ဥပမာ ပင်လယ်ထဲမှာ ကျားဖောင် တခုခုဖြစ်တယ်ဆိုလို့ရှိရင် ကျားဖောင်ပေါ်မှာပါတဲ့ ရေလုပ်သားက သေဆုံး သွားတယ် ဆိုလို့ ရှိရင်၊ အကျိုးခံစားခွင့်က သူ့ရဲ့မိသားစုကရမှာ။ အလုပ်ချိန်မှာ တာဝန်ထမ်း ဆောင်ရင်းခြေထောက်ကျိုးတာ ကိုယ်လက် ထိခိုက်မှု ရှိတာတွေဆိုရင်လည်း ခံစားခွင့်ရမှာပါ၊ အလုပ်ခွင် အပြင်ဘက်မှာဖြစ်ရင်တော့ အကျုံးမဝင်ပါဘူး” ဟု အာမခံအရာရှိက ပြောသည်။ 

သို့သော်လည်း ရေလုပ်ငန်း လုပ်ဆောင်နေရင်း ပျောက်ဆုံးနေပါက တနှစ်ကြာ စောင့်ဆိုင်းပြီးမှ အာမခံ လျော်ကြေး ထုတ်ပေး သွားမည် ဟုဆိုသည်။ အသက် အာမခံချက်ထားရှိသည့် ရေလုပ်သားအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဆုံးပါးခြင်း၊ ရာဇဝတ်မှု ကျူးလွန်းခြင်း၊ မိမိကိုကို သတ်သေခြင်းတို့မှ အကျိုးခံစားခွင့် ရမည် မဟုတ်ကြောင်း သိရသည်။ 

ယခုနှစ် မတ်လအတွင်းက မုတ္တမ ပင်လယ်ကွေ့၌ ရုတ်တရက် ဖြစ် ပေါ်ခဲ့သော လေပြင်းမုန်တိုင်းဒဏ် ကြောင့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း အတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးစသည့်  မြို့နယ်များမှ ရေလုပ်သား ထောင်ပေါင်းများစွာ ပယ်လယ်ထဲ မျောပါခဲ့ပြီး အသေအပျောက် များပြား
ခဲ့ရသည်။

လေပြင်းကြောင့် ကျားဖောင် ၃,၆ဝဝ ခန့် ပျက်စီးဆုံးရှုံးကာ ကျားဖောင်များပေါ်တွင် ပါသည့် ရေလုပ်သား ၁၆,၂၆၈ဦး ပင်လယ် တွင်း မျောပါခဲ့ရာတွင် ၅ဝဝ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ် တွင် ပျောက်ဆုံးသူများ၏ အသက်လျော်ကြေးများကို ကျန်ရစ်သူ မိသားစုများကတောင်းခဲ့ကြသော်လည်း မရရှိခဲ့ကြပေ။

ပျောက်ဆုံး၊ သေဆုံးသူ ရေလုပ်သားများ၏ ကျန်ရစ်သူ မိသားစုဝင်များကို အခြေမပျက် ဘဝ ရပ်တည်နိုင်ရေးအတွက် အာမခံ ထားရှိနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ရ ရက်နေ့က ကျင်းပသည့် အောက်လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကြံ့ဖွံ့အမတ် ဦးစိုးနိုင် က ရေလုပ်သားများ အသက်အန္တရာယ် ကျရောက်သည့်အခါ ကျန်ရစ်သူများ အကျိုးခံစားခွင့် ရရှိရန် အတွက် အသက်အာမခံချက် ထားရှိနိုင်ရန် လွှတ်တော်တွင် အဆိုတရပ် အဖြစ် တင်သွင်းခဲ့သည်။

ယင်းအဆိုကို မြန်မာ့ အာမခံလုပ်ငန်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က ပူးပေါင်း အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Most read this week