မြန်မာနိုင်ငံ၏ အသက် သွေးကျောကြီး တခုဟု တင်စားခေါ်ဝေါ်ကြသော ဧရာဝတီမြစ်ကြီး ပျက်စီး သွားမည်ကို စိုးရိမ် မိကြောင်း ၂၀၁၀ရွေးကောက်ပွဲ ၀င် ချင်းအမျိူးသားပါတီက ပြောဆိုလိုက်သည်။
ယမန်နေ့က အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချဲလ် နှင့် အမေရိကန်သံရုံး၌ တွေ့ဆုံစဉ်တွင် ဧရာဝတီမြစ် ပျက်စီးမည်ကို စိုးရိမ်မိကြောင်း ယခုလိုကြီးမားသော လုပ်ငန်းမျိူးတွင် အမေရိကန်အစိုးရက (Check & Balance) အပြန်အလှန် ထိန်းညှိ ပေးစေလိုကြောင်း ချင်းအမျိူးသားပါတီ ဥက္ကဌဦးဇိုးဇမ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဒဲရစ်မီချဲလ်က တိုင်းရင်းသားပါတီများ အနေဖြင့် အမေရိကန်အစိုးရအပေါ် မည်သို့ သဘောထားကြောင်း မေးမြန်းခဲ့စဉ်တွင် ဦးဇိုးဇမ်က ထိုသို့ပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။
‘‘ လောလောလတ်လတ်ခံရမှာကဒေသခံ ကချင်လူမျိူးတွေပါ၊ ဒီနေရာမှာ ငလျင်မလှုပ်ဘူးလို့ ဘယ်သူ ပြောနိုင်လဲ။ ဒီဆည် က နည်းနည်းနောနော ဆည်မဟုတ်ဘူး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ၁၅ ခုမြောက်ဆည် ဖြစ်တယ်၊ ဒီလောက်ကြီးမားတဲ့ ဆည်ကြီး တခုကို တရုတ်ရဲ့ နည်းပညာနဲ့တော့ ကျနော်စိတ်မချဘူး။ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်’’ ဟု သူကပြောသည်။
အင်ဂျီနီယာတဦး ဖြစ်သော ဦးဇိုးဇမ်သည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ နည်းပညာများအား စိတ်မချရသော အကြောင်းကို ပြည်သူ့ခေတ် ဂျာနယ်တွင်လည်းဆောင်းပါး အဖြစ် ရေးသားခဲ့သည်။
ချင်းအမျိူးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကလည်းအစိုးရအနေဖြင့် မြစ်ဆုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုး ကျိုးများကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်ပြီး လူထု၏ သဘောထားကိုလည်း လှစ်လျှူ မရှုသင့်ကြောင်း ပြောသည်။
‘‘ ဒီစီမံကိန်းကို အကောင်ထည်ဖော်မယ့် သူတွေ အနေနဲ့ ဒီစီမံကိန်းကို လုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိူးဆိုးကျိူးတွေကို တိတိကျကျနှင့် အမှန်တိုင်း ပြည်သူလူထုက အရင်သိဖို့လိုပါတယ်၊ ပြီးတော့ ပြည်သူလူထုက ကွက်ကွက် ကွင်းကွင်း သိလာပြီ ဆိုရင် ပြည်သူလူထုရဲ့ အမြင်ကိုတော့ လေးစားဖို့အရင်လို လာမယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာအစိုးရ နှင့် တရုတ်နိုင်ငံ၏ China power Investment Corporation –CPI ကော်ပိုရေးရှင်း တို့ အကျိုးတူပူးပေါင်းပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က စတင်ကာ ဧရာဝတီမြစ်ဖျားခံရာ ကချင်ပြည်နယ် မေခ နှင့် မလိခမြစ်နှစ်သွယ် ဆုံရာတွင် လျှပ်စစ်ဓာတ်အားမဂ္ဂါ၀ပ် ၆ ထောင်ကျော်ထုတ်လုပ်နိုင်မည့် ရေကာတည်ကြီးကို စတင် တည်ဆောက်ခဲ့ကြသည်။
ယင်းစီမံကိန်းကြီးသည် ဧရာဝတီမြစ်ကြီး တိမ်ကော သွားနိုင်သည့် အနေအထားနှင့် ဆည်ကျိူးပေါက်သွားပါက မြစ်ကြီးနားတမြို့လုံး ရေလွှမ်းသွားနိုင်ပြီး ဒေသခံများအတွက် အန္တရာယ်ကြီးမားနေသောကြောင့် ဆက်လက် ဆောက်လုပ်ခြင်း မပြုရန် ပြည်တွင်း ပြည်ပရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ နှင့်ပညာရှင်တချိူ့က ဝေဖန်ထောက်ပြပြောဆို လျက်ရှိသည်။
သို့သော်လည်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လက် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) ကပင် ၀င်ရောက် စွက်ဖက်ခွင့် မရှိကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းမီဒီယာတွေ့ဆုံပွဲတွင်ပြောဆိုသွား ခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven အပတ်စဉ် ဂျာနယ်တွင် ဖော်ပြထားသည်။